လသာမြို့နယ်တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အကြောင်းဟောပြော

လသာ      မတ်         ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းသဲနုအောင်က မြန်မာ့သနပ်ခါးသည် မြန်မာတို့အတွက် နေ့စဉ်အရေးပါပုံများအားဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင် ဒေါ်နန်းချိုချိုအောင်က မြန်မာ့သနပ်ခါးသမိုင်းကြောင်း၊ မြန်မာသနပ်ခါးအသုံးဝင်ပုံအကြောင်းနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာမပေါက်ပေါက်ကဟောပြောရာတွင် မြန်မာ့သနပ်ခါးကိုကလေးမှအစ ဘိုးဘွားမိဘအထိနှစ်သက်မြတ်နိုးစွာလိမ်းခြယ်နေကြသည်မှာ ယနေ့အထိဖြစ်ပါကြောင်း၊ ယခုခေတ်တွင်ခေတ်မီအလှကုန်ပစ္စည်းမျိုးစုံစွာ သုံးစွဲလာခဲ့ကြသော်လည်း မြန်မာ့သနပ်ခါးကိုလွှမ်းမိုးနိုင်စွမ်းမရှိကြောင်း၊ မြန်မာ့သနပ်ခါးကိုဒြပ်မဲ့မြန်မာ့ရိုးရာယဉ်ကျေးမှုဟုဆိုနိုင်ပါကြောင်း၊ မြန်မာ့သနပ်ခါးသည်မြန်မာတို့အတွက် အဖိုးတန်ယဉ်ကျေးမှုတစ်ခုဖြစ်သလို၊ ကျန်းမာရေးအရ ဆေးဝါးအဖြစ်လည်းအသုံး၀င်ပါကြောင်း၊ ဆယ်နှစ်ရာသီပွဲများတွင် သနပ်ခါး၏အခန်းကဏ္ဍာမှာများလှကြောင်း၊ လူငယ်များအနေဖြင့် မြန်မာလူမျိုးတို့အတွက် တန်ဖိုးကြီးလှသော မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းကြရန်နှင့် မြန်မာ့သနပ်ခါးနှင့်ပတ်သက်သောအကြောင်းအရာများအား ပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသူများအား မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားမှုအ‌ဖြစ် သနပ်ခါးသွေးခြင်း၊ သနပ်ခါးလိမ်းခြယ်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နန်းသဲနုအောင်(ပြန်/ဆက်)