ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်လှူဒါန်းခြင်းနှင့် စာပေပွဲတော်ဖြစ်မြောက်ရေး ပထမအကြိမ်အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည် မတ် ၂၆

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မြို့နယ်များရှိ ရှင်သန်နေသော ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်များလှူဒါန်းခြင်းနှင့် စာပေပွဲတော်ဖြစ်မြောက်ရေး ပထမအကြိမ်အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက ပြည်ခရိုင်အတွင်းစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြောကြားပြီး  မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ဥက္ကဋ္ဌ ဒေါ်ခင်နှင်းဆီရွှေက တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်များလှူဒါန်းရခြင်းအကြောင်းနှင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်မြို့၌ စာပေပွဲတော်ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသော မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် ပြည်ခရိုင်အတွင်း မြို့နယ်များရှိ မြို့နယ်စာရေးဆရာအသင်းများမှ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေပွဲတော်ဖြစ်မြောက်ရေးအတွက်  ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို အကြုံပြုဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ဥက္ကဋ္ဌ ဒေါ်ခင်နှင်းဆီရွှေက ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာစာကြည့်တိုက်၊ အရှေ့ပေါက်တောကျေးရွာစာကြည့်တိုက်၊ ဗိုလ်တစ်ထောင်ရပ်ကွက်စာကြည့်တိုက်နှင့် ဝက်ထီးကန်မြို့စာကြည့်တိုက်၊ ပန်းတောင်းမြို့နယ်ရှိ ဝန်လိုရပ်ကွက်စာကြည့်တိုက်၊ ရွှေတောင်မြို့နယ်ရှိ သခင်ကိုယ်တော်မှိုင်းစာကြည့်တိုက်နှင့် တောင်လုံးညိုကျေးရွာစာကြည့်တိုက်၊ သဲကုန်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာစာကြည့်တိုက်နှင့် ဇီးကုန်းမြို့ မြန်မာ့မျက်ပွင့်လွှာစာကြည့်တိုက်တို့အတွက် သုတ/ရသ စာအုပ် ၇၀၀ ကို လှူဒါန်းပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်ကော်မတီဝင်တစ်ဦးက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)