နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ကတ္တရာလမ်းဖွင့်လှစ်

ဘားအံ မတ် ၂၆

နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်လမ်းဦးစီးဌာန (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ကတ္တရာလမ်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

အဆိုပါလမ်းသည် မဲဘောင်မီးပွိုင့်မှအစပြု၍ မဲဘောင်(လှာကမြင်ကွက်သစ်)၊ ပေါင်စိန်၊ တူနွဲရွာ၊ ကေလာသရွာ၊ နောင်ပလိန်၊ နောင်သရ၊ နောင်ထူးဒီး၊ နောင်မဘုံ၊ ဗျက္ခရွာ၊ အလယ်ရွာ၊ မိသရောင်၊ ရွှေကဲ၊ နောင်ဘောက်စသည့်ကျေးရွာများကို ဖြတ်သန်း၍ ဝင်းစိန်မြောက်ရွာကို ဆက်စပ်ပေးသောလမ်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကာ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ကရင်ပြည်နယ် ကြီးဖွံ့ဖြိုးတိုးတက်ရန်၊ သာယာဝပြောရန်အတွက် နိုင်ငံတော်မှအကုန် အကျခံဆောင်ရွက်ပေးထားသော လမ်း/တံတားများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်၍ အဆင့်မြှင့်တင်ရန်ကျန်ရှိ သည့်လမ်း/တံတားများကို ဆောင်ရွက်ရာတွင်လည်း ယခုကဲ့သို့ပင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံကြီး တိုးချဲ့သုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျန်းမာရေးမှူး(၄)သင်တန်းဆင်း သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတာဝန်ကျရာ ဒေသ၊ ကျေးလက်ဆေးပေးခန်းနှင့် မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တက်တက်ကြွကြွ ထဲထဲ ဝင်ဝင် ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး ထူးချွန်သင်တန်းသူတစ်ဦးအား ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကျန်းမာရေးမှူး (၄)သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ (၆)လကြာသင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသူ ၂၅ ဦးအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

အလားတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ရာတွင် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ ပေါ်ထွက်လာစေရေးအတွက် မတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းခန်းမ၌ တိရစ္ဆာန်ကျန်းမာရေး အကူလုပ် သား(Community Animal Health Worker – CAHW) သင်တန်းကို ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသခံပြည်သူများကို တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သားများအဖြစ် ရက်တိုသင်တန်းများပေးပြီး မွေးမြူရေးအခြေခံများကို စာတွေ့/လက်တွေ့ သင်ကြားပေးလျက်ရှိရာ သင်တန်းသားများအနေဖြင့် သင်တန်းပြီးမြောက်ပါက ဌာနနှင့်ပူးပေါင်းပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည့်အတွက် သင်တန်းတွင် စိတ်ဝင်စားစွာ လေ့လာသင်ယူမှတ်သားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာတင်နွယ်ရီက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းချီးမြှင့်ငွေကျပ် ၂၇၀၀၀၀ဝိ/-(နှစ်ဆယ့် ခုနှစ်သိန်းကျပ်)ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မွေးမြူရေးဇုန်များအတွက် လုပ်ငန်းသုံးပစ္စည်းများကို ချီးမြှင့်ပေးအပ်ကြသည်။

ယင်းနောက် မွေးမြူရေးဇုန်မှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်းကျင်းပြသထားသော တိရစ္ဆာန်သုံးဆေးဝါးများ၊ ပြည်နယ်အတွင်း မွေးမြူထားရှိသော တိရစ္ဆာန်မျိုးများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)