၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆို

မန္တလေး မတ် ၂၆

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ  ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် ချမ်းအေးသာစံမြို့နယ်ရှိ စာဖြေဌာန အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများအား ဖူးမြော်၍ ဩဝါဒများခံယူပြီး စာဖြေခန်းများတွင် စာဖြေသံဃာတော်များ၊ သီလရှင်များအေးချမ်းစွာဖြင့် စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု ကြည်ညိုကာ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အစိုးရဓမ္မာစရိယစာမေးပွဲစာဖြေဌာန ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုနှင့် ဝင်ရောက်ဖြေဆိုမှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များ စိတ်ချမ်းမြေ့စေရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ (၁) ဘာသာရပ်အား မန္တလေးတိုင်း ဒေသကြီးအတွင်း စာဖြေဌာန (၉) ခုတွင် ကျင်းပစစ်ဆေးခဲ့ရာ ဖြေဆိုသူ ၂၄၂၆ ပါးရှိကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)