ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲနှင့် ကွန်ကရစ်လမ်းများဖွင့်ပွဲတက်ရောက်

စစ်တွေ မတ် ၂၇

၂၀၂၅ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲနှင့် ကွန်ကရစ်လမ်းများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ကွန်ကရစ်လမ်းများဖြစ်သော စစ်တွေဟိုတယ် ဆင်းလမ်းနှင့် သာဘန်းလမ်း တို့၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်နေ ပြည်သူများ၊ နွေရာသီအားကစား သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကု ဆေးရုံကြီး၌ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကြပ်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲ သို့သွားရောက်ကြည့်ရှု အားပေးကြရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြည်လွင်နှင့် တာဝန်ရှိသူများက သွေးလှူဒါန်းရန် ဆောင်ရွက်နေမှုများကို လိုက်လံ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သွေးလှူဒါန်းကြမည့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများ၊ ဌာနဆိုင်ရာများအား ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံးကြီးမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းသွေးလှူဒါန်းနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား အာဟာရ ဖြည့်စွက်စာများ ပေးအပ်ချီးမြှင့်ကြပြီး သွေးလှူဒါန်းရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ သွေးလှူဒါန်းပွဲတွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကြပ်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း(၁၂၇)ဦးတို့က သွေးအမျိုးအစားမျိုးစုံ (၁၂၇) လုံးကို စုပေါင်းလှူဒါန်းခဲ့ကြသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေဟိုတယ်ဆင်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ကြသည်။ ကွန်ကရစ်လမ်းဖွင့်ပွဲတွင် အနောက်စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးက ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်၍ လမ်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်တွေဟိုတယ်ဆင်းလမ်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်ပွဲလှစ်ပေးကြကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းတလျောက် ကြည့်ရှုစစ်ဆေးကြပြီး လမ်းဖွင့်ပွဲသို့တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွန်းကရစ်လမ်းဖွင့်ပွဲတွင် တက်ရောက်ပါဝင် တီးခတ် ဖျော်ဖြေပေးကြသော နွေရာသီ အားကစားသင်တန်းသား၊ သင်တန်းသူများ၊ ဘင်ခရာ၊ ပန်းဖွား၊ ကြက်ခြေနီနှင့် မီးသတ်သင်တန်းသား၊ သင်တန်းသူများ၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ သမီးပျိုလေးများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ယခုဖြစ်လှစ်သော စစ်တွေဟိုတယ်ဆင်းလမ်းမှာ အရှည်(၃၂၀)ပေ၊ အကျယ်(၂၆)ပေ၊ ထု(၈) လက်မရှိပြီး ရေမြောင်း၊ ပလက်ဖောင်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းမှာ ယခင်ကကမ်းခြေသို့ ဆင်းရာတွင် လမ်းကျဉ်းအကွေ့ဖြစ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိပြီး ယာဉ်ကြောကျပ်တည်းမှု များရှိခဲ့ရာ ယခုအခါလမ်းအားအကျယ်အဖြောင့် ဖောက်လုပ်အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းကြောင့် သွားလာရေးလွယ်ကူချောမွေ့စေသည့်အပြင် မြို့သန့်ရှင်းသာယာလှပရေး ကိုလည်း အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် သာဘန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ကြသည်။ ကွန်ကရစ်လမ်းဖွင့်ပွဲတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယနေ့ဖွင့်လှစ်မည့်သာဘန်းလမ်း၊ ဟိုတယ်ဆင်းလမ်း အပါအဝင်၊ ကျောင်းကြီးလမ်း၊ ဂေါက်ရှီလမ်း၊ ဗုဒ္ဓေါမော်ဘုန်းကြီးကျောင်းအနီး ရေတပ်ဈေးလမ်း၊ အဓိဋ္ဌာန် ဘုန်းကြီးကျောင်းဘေးရှိ ဓာတ်ဆုံးလမ်း၊ မြစံပါယ်လမ်း၊ အနောက်စံပြ ရွာတွင်းလမ်း၊ ကမ္ဘောဇဘဏ် ဘေးလမ်းများအပြင် မြို့၏အဓိကကျသည့် ဝင်္ကဘာကွင်းအဆင့်မြှင့်တင်ခြင်း၊ ရှေးဟောင်း နာရီစင်ပြုပြင် မွမ်းမံခြင်း၊ ယဉ်ကျေးမှုပြတိုက်ရှိ ရခိုင်ရိုးရာလောင်းလှေအား အမိုး ဆောင်ရွက်ပေးခြင်း၊ ဆေးရုံကြီးဝင်းအတွင်း မြေယာရှုခင်းပြုလုပ်ခြင်း၊ မြို့တွင်းလမ်းများတွင် ပလက်ဖောင်းများ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် ပြည်နယ်အစိုးအဖွဲ့ရန်ပုံငွေဖြင့် မြို့ပေါ်လမ်းများ၌ ဆိုလာလမ်းမီးများ တပ်ဆင်ပေးခြင်းနှင့် မြို့ရေပေးရေး အတွက် ရေလှောင်ကန်များမှ ဆိုလာစနစ်ဖြင့် ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်မည့် သာဘန်းလမ်းသည် ယခင်နှစ်ခင်းပြီးအပိုင်းမှ မင်းဘာကြီးလမ်းထိ အရှည်(၅၉၀)ပေ၊ အကျယ် (၃၅)ပေ၊ ထု(၈)လက်မရှိသောလမ်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပြီး ဖွင့်လှစ်ပေးသည့်အတွက် လမ်းမကြီး၊ အောင်ထွန်းဦးလမ်းနှင့် မင်းဘာကြီးလမ်း တလျှောက်ပြည်သူများ လွယ်ကူလျှင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ရပ်ကွက်နေပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းဖွင့်ပွဲ အထိမ်းအမှတ် အလံများပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့မိ၊ မြို့ဖ ဦးသန်းရွှေတို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်း တလျောက် ကြည့်ရှုစစ်ဆေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)