ပူတာအို မတ် ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းအားဖြင့် ပြည်သူများ ဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင် နည်းပညာများသင်ကြားပေးခြင်းအားဖြင့် ဆိုင်ကယ်ပြင်ဆိုင်များတိုးပွားလာကာ ခရီးသွားပြည်သူများ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့နယ် မူလာအွန်ခေတ်မီစံပြကျေးရွာချမ်းသာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်က သင်တန်းဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်များနှင့် သင်တန်းသားများ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်နိုင်ရေးကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်က ထူးချွန်ဆုရသင်တန်းသား ဦးမရန်ဒုံထင်ငူရ်အားလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးခမ်းကိုင်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးထံလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်သင် တန်းသားများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသုံးကုန်ကြမ်း ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းသို့ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် မူလာအွန်ခေတ်မီစံပြကျေးရွာမှ သင်တန်းသား(၂၀)ဦးတို့အား သင်တန်းနည်းပြများက ဖေဖော်ဝါရီ(၂၅)ရက်မှ မတ်(၂၆)ရက်နေ့အထိ သင်တန်းကာလတစ်လကြာ မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများနှင့် အလုပ်လုပ်ပုံ၊ ကာဗျူရေတာဖြုတ်/တပ်စစ်ဆေးခြင်း၊ အင်ဂျင်ဟက်နှင့် အင်ဂျင်ဘလောက်များ ဖြုတ်/တပ်စစ်ဆေးခြင်း၊ သံလိုက်အုံနှင့်ကလပ်အုံဖြုတ်/တပ်စစ်ဆေးခြင်း၊ ဂီဘာဘောက်ဖြုတ်/တပ်စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ်မီးပေးစနစ်များ အလုပ်လုပ်ပုံများနှင့် သွယ်တန်းခြင်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)