ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ငရုတ်ကောင်းမြို့၊ ချောင်းဝတံတားဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် မတ် ၂၇

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငရုတ်ကောင်းမြို့၊ ငရုတ်ကောင်း-ချောင်းဝ-နံ့သာပု-ဂျိုင်လေး-ဂေါ်ရန်ဂျီလမ်းပေါ်ရှိ ချောင်းဝတံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခုဖွင့်လှစ်သည့် ချောင်းဝတံတားကို ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးဘဏ္ဍာငွေဖြင့် နှစ်အလိုက် ခွဲဝေတည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ချောင်းဝတံတားဖွင့်လှစ်နိုင်ပြီဖြစ်သဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများအပြင် ခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ များစွာအကျိုးပြုမည်ဖြစ်ကြောင်း၊  ဒေသထွက်ကုန်ပစ္စည်းများ အလွယ်တကူ စျေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီး လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် လမ်းပိုင်းများကိုလည်း ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် နှစ်အလိုက်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သွားလာမှုလွယ်ကူချောမွေ့ပြီး လုံခြုံစိတ်ချစွာသွားလာနိုင်ပြီဖြစ်သဖြင့် လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့်ကျောင်းတက်ရောက်ကြရန်လိုအပ်ကြောင်း၊ လမ်းတံတားများ တည်ဆောက်ပြီးဖြစ်၍ မြို့ကြီးများနှင့် အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများကလည်း ချောင်းဝတံတားအပါအဝင် လမ်းတံတားများအား ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း” အမှာစကားပြောကြားခဲ့ပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဋ္ဌေးအောင်က ချောင်းဝတံတား တည်ဆောက်ခဲ့မှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ချောင်းဝတံတားအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာတာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းဝတံတား ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ တံတားသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ငရုတ်ကောင်း-ချောင်းဝ-နံ့သာပု-ဂျိုင်လေး--ဂေါ်ရီဂျီကျွန်း လမ်းပေါ်ရှိ ချောင်းဝတံတားသည် တံတားအရှည် ၁၂၈၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၇၈.၇၄၄ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၁၂.၂ မီတာ၊  (Bored Pile RC Concrete) အမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ငရုတ်ကောင်းမြို့၊ ကမ်းခြေဒေသရှိ ကျေးရွာများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ၊ ခရီးသွားလာရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှုများအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ငရုတ်ကောင်းမြို့ ဂေါ်ရန်ဂျီကမ်းခြေသို့သွားရောက်၍ ကမ်းခြေသာယာလှပမှု၊ ကမ်းခြေသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများနှင့် ကမ်းခြေသန့်ရှင်းသပ်ရပ်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေစေရေးနှင့် အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရေး၊ ကမ်းခြေသာယာလှပရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)