လွိုင်လင် မတ် ၂၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၅ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့အဝင်တွင် သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး ရေဝပ်သည့်နေရာများဖြစ်သည့် မိုင်(၁၇၁/၁)မှ (၁၇၁/၃)အထိ မြေသားတာဘောင် တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုရာ လွိုင်လင်မြို့နယ် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောကျော်သူဝင်းနှင့် နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့က လမ်းတည်ဆောက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
အဆိုပါ မြေသားတာဘောင် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က လာမည့်မိုးရာသီကာလအတွင်း လမ်းပိတ်ဆို့မှုများ မဖြစ်ပွားစေရေး၊ လုပ်ငန်းခွင်အမြန်ပြီးစီးရေးနှင့် ခရီးသွားပြည်သူများ လမ်းခရီးချောမွေ့စွာဖြင့် အဆင်ပြေစွာသွားလာနိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်လုံမြို့၊ မေတ္တာအေးရိပ် ပရဟိတနာယကကျောင်းဆောင်သစ်သို့ သွားရောက်၍ မန်ဆူဆရာတော် ဘဒ္ဒန္တဒေါက်တာပုညနန္ဒ အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး ကျောင်းဆောင်သစ်ရှေ့တွင် ဆရာတော်အမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကံ့ကော်၊ သပြေ၊ ခရေ၊ ချယ်ရီ၊ သပြေဘူတ၊ ကျူးလစ်၊ စိန်ပန်းပြာပင်များ စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်လုံမြို့၊ မဟာရဌာဘိသာမဂ္ဂီစေတီတော်၏ ရတနာကန်တော်တွင်တည်ဆောက်မည့် အပန်းဖြေနေရာ VIEW POINTနှင့် WE LOVE PANGLONG ရှုခင်းသာအဆောက်အဦနှင့် ပင်လုံစာချုပ်ကျောက်တိုင် (ပြည်ထောင်စုကျောက်တိုင်)ဝန်းအတွင်း စိမ်းလန်းသာယာလှပစေရေးအတွက် အရိပ်ရသစ်ပင်ပန်းမန်များ စိုက်ပျိုးမည့်နေရာများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လုံခြုံရေးကိစ္စရပ်များကို အားလုံးကဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ သက်ဆိုင်ရာဌာနများကလည်း ထူးခြားဖြစ်စဉ် သတင်းရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့နိုင်ရန်လိုအပ်ပါကြောင်း၊ လုံခြုံရေးကိစ္စရပ်များကို စီမံချက်ချမှတ်ဆောင်ရွက်ရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကိုလည်း ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးရန်နှင့် မူးယစ်ဆေးဝါးကိစ္စရပ်များကိုလည်း တားဆီးကာကွယ်ရေးအတွက်လည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်လည်း အောင်မြင်အောင်ကြိုးစားပေးကြရန်၊ စိုက်စွမ်းအား၊ အထွက်တိုးအား ကောင်းမွန်စေရန်အတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း ဒေသဝမ်းစာဖူလုံရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တာဝန်ရှိပါကြောင်း၊ သစ်တောကဏ္ဍတွင်လည်း တစ်အုပ်တစ်မစိုက်ခင်းများ၊ လမ်းဘေးဝဲယာများတွင် သစ်ပင်စိုက်ပျိုးပေးကြရန် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။
၎င်းနောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းက လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်က လွိုင်လင်ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများက အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကြိုးစားပေးကြရန်၊ ဌာနများကစုပေါင်းအားဖြင့် ဆောင်ရွက်ပေးကြရန် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် လွိုင်လင်မြို့နယ်အတွင်း အိမ်ခစ်ကျေးရွာနှင့် ခေါင်းနွဲ့ကျေးရွာ အိမ်ရာသစ်မြေနေရာချထားရေးအကွက် ချထားမှုအခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်လင်ခရိုင်၊ မိုင်းပွန်မြို့ရှိ ဆောင်းပဲပုပ်မျိုးသန့်ပွား(၁၀)ဧကစိုက်ခင်းသို့ရောက်ရှိရာ လွိုင်လင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းက မျိုးစပါး၊ မျိုးပဲပုပ်နှင့် သီးနှံကာကွယ်ရေးအတွက် အသုံးပြုသည့်ပစ္စည်းများနှင့် ပဲပုပ်စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ပဲပုပ်စိုက်ခင်းအား လှည့်လည်ကြည့်ရှု၍ တောင်သူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)