မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် အက်ကွဲကြောင်းများကြားမှထပ်မံတွေ့ရှိလာသည့် ရေနန်းတော်ဆောင်အားစနစ်တကျတူးဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗိသုကာပညာရှင် ဦးဝင်းဇော်နှင့်အဖွဲ့ တာဝန်ရှိသူများသည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)က အင်းဝခေတ်ယဉ်ကျေးမှုအဆောက်အအုံအမွေအနှစ် ရေနန်းတော်ဆောင်အား စနစ်တကျတူးဖော်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာမှ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်း သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ယခုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အက်ကွဲကြောင်းများကြားမှ  ထပ်မံတွေ့ရှိလာသည့် ရေနန်းတော်ဟုခေါ်ဆိုနေကြသော ရေနန်းတော်ဆောင်အား စနစ်တကျတူးဖော်၍ သုတေသနလုပ်ငန်းများဆောင်ရွက်နေပါကြောင်း၊ ယခုတွေ့ရှိရသည့် ရေနန်းတော်ဆောင်၏တောင်ဘက်ရှိ သရက်ကင်းလှေကားအစိတ်အပိုင်းများကို ၂၀၀၉ ခုနှစ်တွင် ဒေသခံများအုတ်ဖုတ်လုပ်ငန်းဆောင်ရွက်ရာမှ စတင်တွေ့ရှိထားသော အစိတ်အပိုင်းဖြစ်ပါကြောင်း၊ ယခုလတ်တလောစမ်းသပ်တူးဖော်တွေ့ရှိချက်များအရ ပုရပိုက်ပုံဆွဲများတွင်ပါရှိသည့် ရေနန်းတော်ဆောင်၏ အစိတ်အပိုင်းဖြစ်သော သရက်ကင်းလှေကားဆောင်များကို တူးဖော်တွေ့ရှိထားပါကြောင်း ကနဦးလေ့လာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဗိသုကာပညာရှင် ဦးဝင်းဇော်နှင့်အဖွဲ့တို့က တူးဖော်ဆောင်ရွက်ရာတွင် ရှေးဟောင်းလက်ရာများအား ရှေးမူမပျက်စေရန်နှင့်ထိခိုက်မှုအနည်းဆုံးဖြင့် ဂရုတစိုက်တူးဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားပြီးနောက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရေနန်းတော်ဆောင်အနီးဝန်းကျင် မြေအက်ကွဲနေမှုများ၊ စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက်သရက်ကင်းလှေကား၏ သရက်ကင်းပုံမြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို လိုက်လံကြည့်ရှုခဲ့ကြောင်းနှင့် အင်းဝမြို့ဟောင်းအတွင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် လိုအပ်သည်များကိုတာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်