မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မကွေး ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားကာ တိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများထံ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အစိုးရအနေနဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ကာလတို၊ ကာလရှည်စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ပေးအပ်တဲ့အခမ်းအနားဖြစ်ပါကြောင်း၊ ယခုနှစ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်မှာ ကျပ်(၁၂,၆၆၁.၀၆)ဘီလီယံဖြစ်ပြီး တိုးတက်မှုနှုန်းအနေနဲ့(၄.၁)ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၏ ပန်းတိုင်များ မဟာဗျူဟာများနှင့်အညီ လုပ်ငန်းစဉ်များကိုရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအနေနဲ့ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍများရဲ့ပါဝင်မှုအချိုးအစားမှာ အများဆုံးဖြစ်တဲ့အတွက် လယ်ယာကဏ္ဍတိုးတက်အောင်မြင်မှုရရှိရန် ရည်မှန်းထားတဲ့ စိုက်ဧကပြည့်မီရေး အထွက်နှုန်းအမှန် တိုးတက်ရရှိစေရေး သွင်းအားစုများ အချိန်အခါနှင့်အညီ အပြည့်အဝအသုံးချနိုင်ရေးကို ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ သို့မှသာ လယ်ယာကဏ္ဍတိုးတက်ပြီး လယ်ယာကဏ္ဍကိုအခြေခံတဲ့ စက်မှုကဏ္ဍလည်း တိုးတက်လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနအလိုက် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်မှာ ကျပ် ၉၃.၃၄၁ ဘီလီယံလျာထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရာမှာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားကြရန်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် မျက်ခြေမပြတ် ကြီးကြပ်ဆောင်ရွက်သွားကြဖို့ အထူးမှာကြားလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာမှာ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း MSMEs (Micro Small & Medium Enterprises) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ပြည့်မီအောင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနအကြီးအကဲများက အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းနှင့် ပြည်သူများ အမှတ်တကယ် လိုအပ်ချက်ဖြစ်တဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ယခင်နှစ်များကထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကဏ္ဍအလိုက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအားလုံးကို တာဝန်ပေးအပ်လိုက်တာဖြစ်ပြီး၊ တာဝန်ပေးအပ်ခံရသူအားလုံးက မိမိနှင့်သက်ဆိုင်သော ရည်မှန်းချက်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် နှစ်စကတည်းက စီမံချက်များ စနစ်တကျရေးဆွဲဆောင်ရွက်ကြဖို့၊ ပြည်သူများအမှန်တကယ် လိုအပ်ချက်ဖြစ်တဲ့ ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ယခင်နှစ်များကထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြဖို့နဲ့ မိမိတိုင်းဒေသကြီးအတွင်း လူမှုစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ရာခိုင်နှုန်းပြည့်မီအောင် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြဖို့ အထူးမှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ် အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်ပြည့်မီကျော်လွန်တိုးတက်အောင် အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများထံ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ မတ်လ (နှစ်ကုန်ခန့်မှန်းခြေ) စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မောင်ညီညာ