ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စုပေါင်းငါးလွှတ်ပွဲနှင့် မဟာပဋ္ဌာန်းကျမ်းမြတ်ဒေသနာပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဧပြီ ၁၂

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် နံနက် ၇ နာရီခွဲက ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်ဆိပ်၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်မည့် ဧရာဝတီမြစ်ဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဦးဆောင်၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များက ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀ နှင့် ငါးခုံးမကြီးငါးသားပေါက်ရေ ၁၅၀၀၀ တို့ကို ဇီဝိတဒါနအဖြစ်ဆုတောင်း၍ ဧရာဝတီမြစ်အတွင်း လွှတ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ မြန်မာနှစ်သစ်ကူးအကြို ဂါဝရပြုခြင်းအခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့အား ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ရုံး၌ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/အမှုထမ်းများက ရိုးရာအစဉ်အလာနှင့်အညီ ဂါဝရပြုကန်တော့ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ဝန်ထမ်းများအား ဆုတောင်းကောင်းချီးပေးခဲ့ကြပြီး ဝန်ထမ်းများအတွက် သင်္ကြန်မုန့်ဖိုးများကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ရွှေမိုးတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်၌ ပထမအကြိမ်အဖြစ် (၇)ရက်တိုင်တိုင် ဆင်ယင်ကျင်းပသော မဟာပဋ္ဌာန်းကျမ်းမြတ်ဒေသနာပါဠိတော်ရွတ် ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်ပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်သံဃနာယကအဖွဲ့ဝင်၊ ဓမ္မနန္ဒီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မနာဒ အမှူးပြုသော နာယကဘဏကဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် စေတီတော်မြတ်ရင်ပြင်တော်၌ ပဋ္ဌာန်းမြတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်အမှူးပြုသော နာယကဘာဏကဆရာတော် အမှူးပြုသော ဆရာ‌တော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မေတ္တာသုတ်ပရိတ်တရား‌တော်များကို နာယူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ရွှေမိုးတောင်ဂေါပကဥက္ကဋ္ဌ ဦးဒီးဒုတ်က ပဋ္ဌာန်းပွဲ ရငွေ၊ သုံးငွေစာရင်းကို လျှောက်ထားရှင်းလင်းတင်ပြခြင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး အနုမောဒနာဂါထာဖြင့် ရွတ်ဖတ်ပူဇော်မှုကို နာယူခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ နိဂုံးဂါထာအား ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းလိုက်သည်။

ယင်းနောက် ပဋ္ဌာန်းမြတ်ပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကိုကျင်းပရာ ဘုရားအမှူးပြုသော ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာ‌တော်၊ နာယကဘာဏကဆရာတော်များနှင့် ရဟန်း၊ သာမဏေများ၊ သီလရှင်ဆရာများ စုစုပေါင်း အပါး ၂၀၀ ကျော်တို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက သတ်မှတ်နေရာအသီးသီးမှ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ MSME စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်ရန် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ထိုအတူ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင်လည်း ပြည်နယ်၏အရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ အသုံးချပြီး တိုးတက်သည့် ရလာဒ်ကောင်းများရရှိအောင် ဆောင်ရွက်ကြရေးနှင့် လျာထားချက်များအား ပြည့်မီကျော်လွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ တင်ဒါစည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျင်မြန်စွာစတင်နိုင်ရေး အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် ခရိုင် (၆)ခရိုင်မှ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌများထံသို့ ဌာနအလိုက်နှင့် ခရိုင်အလိုက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီစွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရည်မှန်းချက်တာဝန်များကို ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများအား အမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရေးအတွက် မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားအပြီးတွင် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ ခေါက်ဆွဲခြောက်ဖာများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက လှူဒါန်းသည့် ခေါက်ဆွဲခြောက်ဖာ ၁၀၀၀ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူခဲ့ကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်