မကွေး ဧပြီ ၁၂
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့်ကစားရာမှ တိုင်းဒေသကြီး ကိုယ်စားပြုအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်နှင့်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၇ ရက်နေ့က စတင်ကျင်းပခဲ့ပြီး၊ ဆုပေးပွဲအခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအားကစားကွင်း၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စစ်ဘက်ဆိုင်ရာ အဆင်မြင့်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖနှင့်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသား၊ အမျိုးသမီး ၄×၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကာ၊ ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးပြိုင်ပွဲဝင် ပွဲစဉ်များအဖြစ် မီတာ ၃၀၀၀၊ မီတာ ၈၀၀၊ မီတာ ၂၀၀၊ ၄×၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမြင့်ခုန်၊ လှံတန်ပစ်နှင့် သံပြားပစ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး၊ ဆုရရှိသူများအား ဆုဆွဲပြား၊ ငွေသားဆုနှင့် အမျိုးသမီး အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင်ဆုရရှိသော မြို့နယ်အသင်းတို့ကို တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့်အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး၊ အမျိုးသားပွဲစဉ်များအဖြစ် မီတာ-၅၀၀၀၊ မီတာ-၃၀၀၀၊ မီတာ-၈၀၀၊ မီတာ-၂၀၀၊ ၄×၁၀၀ လက်ဆင့်ကမ်း၊ တန်းမြင့်ခုန်၊ သုံးဆင့်ခုန်နှင့် လှံတန်ပစ်၊ သံပြားပစ်ပွဲစဉ်များပါဝင်ပြီး၊ ဆုရရှိသူများအား စစ်ဘက်ဆိုင်ရာ အဆင်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ကာ၊ အမျိုးသားအသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော သရက်မြို့နယ်အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၅၀၀၀၀ဝိ/-)ကျပ်နှင့် အမျိုးသား၊ အမျိုးသမီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော သရက်မြို့နယ်အသင်းအား ဆုကလပ်နှင့် ငွေသားဆု(၇၀၀၀၀ဝိ/-) သိန်းတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ