မင်းလှ ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခံရသည့် အိမ်ထောင်စုဝင်များလက်ဝယ်အရောက် ငွေနှင့်ဆန်ရိက္ခာဖိုးများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။
အဆိုပါ ငွေများပေးအပ်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းနိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီမြင့်၊ မီးသတ်တပ်ဖွဲ့တို့က လေဘေးသင့်ခံခဲ့ရသည့် လှည်းပြင်တင်းအုပ်စုအတွင်းရှိ ပြိုလဲပျက်ဆီးနေအိမ်(၁)လုံးနှင့် အမိုးလန်ပျက်ဆီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၄)စု လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၉၅၀၀၀)ကျပ် စုစုပေါင်းငွေ (၃၄၅၀၀၀)ကျပ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)