ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင်ပြုလုပ်သော ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားတွင် တောင်သူ(၁၀၀)ဦးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ တစ်ဧကလျှင်(၄)ပြည်နှုန်းဖြင့် မိုးစပါးစိုက်ဧက(၃၅၀)ဧကအတွက် မျိုးစေ့စုစုပေါင်း (၁၄၀၀)ပြည် ပေးအပ်ခဲ့ပြီး ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တောင်သူများနှင့်အတူ ကွင်းအမှတ် 16C ၊ ဦးပိုင်အမှတ် ၂၅/၂ တောင်သူ ဦးလောလ၏ မိုးစပါးစိုက်ဧက (၆)ဧကတွင် သစ်စိမ်းမြေဩဇာများကြဲပက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတော်မိုးတော်စိုက်ဧကများတွင် မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးနိုင်ရေး၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာပိုမိုကောင်းမွန်စေပြီး သွင်းအားစုဓာတ်မြေသြဇာများ လျှော့ချသုံးစွဲနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းပိုမိုတိုးတက်လာနိုင်မည့်အခြေအနေများနှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် လိပ်ချောင်းကျေးရွာတွင်ပြုလုပ်သော သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်းအခမ်းအနားတက်ရောက်ခဲ့ပြီး တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များပေးအပ်ကာ ကွင်းအမှတ် (၁၃၈၃)၊ ဦးပိုင်အမှတ်(၁၁/၅) တောင်သူ ဦးကိုဝင်း၏ မိုးစပါး စိုက်ဧက(၂.၆၅)ဧကနှင့် ဦးပိုင်အမှတ်(၅/၂)၊ တောင်သူဒေါ်အုန်းရီ၏ မိုးစပါးစိုက်ဧက(၂.၃၅)ဧကတို့တွင် ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိူးစေ့များ ကြဲပက်ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန်၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်းဆောင်ရွက်ကြရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ဆွေးနွေးပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းကျော်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျုံပျော်၊ ကြံခင်း၊ လေးမျက်နှာ၊ ဇလွန်၊ မအူပင်၊ ဝါးခယ်မ၊ အိမ်မဲ၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးနှင့် စိုက်ပျိုးရေး ဆိုင်ရာကိစ္စရပ်များအား တောင်သူအသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ စက်မှုစီမံကိန်းသို့ရောက်ရှိ၍ စက်မှုစီမံကိန်းအတွင်း Bagan Royal Star Construction Co.Ltd မှ တာဝန်ယူဆောက်လုပ်လျက်ရှိသော Plot 27 Ware house (137.16M×60.93M) နှင့် Plot 29 Ware house (137.16M×60.93M) အဆောက်အဦလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ အဆောက်အဦးကြမ်းခင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ အဆောက်အဦးအမိုးလုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးမကျမီအမိုးလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သိုလှောင်ရုံတွင် စပါးနှင့်မတ်ပဲသိုလှောင်ထားရှိမှုများနှင့် မတ်ပဲသန့်စင်စက်အား ကြည့်ရှုစစ်ဆေးကာ ဈေးကွက်သို့တင်ပို့နိုင်မှုအခြေအနေများအား မေးမြန်းခဲ့ပြီး ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးမှာကြားခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း (ပြန်/ဆက်)