ပွင့်ဖြူမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း ၅၀၀ နီးပါး အလှူငွေရရှိ

ပွင့်ဖြူ ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက် လိုအပ်သည်များကို ကူညီလှူဒါန်းပေးနိုင်ရန် အလှူငွေများကောက်ခံခဲ့ရာ ဒေသတွင်းရှိ စေတနာအလှူရှင်များက သဒ္ဒါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့သဖြင့် အလှူငွေစုစုပေါင်း ငွေကျပ်သိန်း ၅၀၀ နီးပါးကောက်ခံရရှိခဲ့ကြောင်း ပွင့်ဖြူမြို့ သမ္မာဆန္ဒနှင့်ဂရုဏာရှင်များ နာမှုကူညီရေးအသင်းနာယက ဦးဌေးဝင်းထံမှ သိရသည်။

ထိုသို့ အလှူငွေများကောက်ခံရာတွင် ပွင့်ဖြူမြို့သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ငွေကျပ် သိန်း ၂၅၀ ကျော်၊ ပွင့်ဖြူမြို့နယ်၊ သာဂရကျေးရွာလူမှုကူညီရေးအဖွဲ့က ငွေကျပ်သိန်း ၅၀၊ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအဖွဲ့မှ ငွေကျပ်သိန်း ၁၇၀ ကျော်၊ စုစုပေါင်းငွေကျပ်သိန်း ၅၀၀ နီးပါးကောက်ခံရရှိခဲ့ပြီး အခြား ဆန်၊ ဆီ၊ ရေသန့်ကတ်များနှင့် အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများကိုလည်း အလှူခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကောက်ခံရရှိသည့် အလှူငွေများနှင့်ပစ္စည်းများကို ပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှဦးဆောင်၍ မြို့နယ်ကိုယ်စားပြု ငလျင်ဘေးသင့်ကူညီရေးအဖွဲ့က ယမန်နေ့နံနက် ၇ နာရီက စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ရှိ ငလျင်ဘေးသင့်ပြည်သူများကို ကူညီလှူဒါန်းပေးရန် ပွင့်ဖြူမြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)