ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ဟားခါး ဧပြီ ၁၂

၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအပေါ် သင်ခန်းစာဖော်ထုတ်ခြင်းနှင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၀ ရက် နံနက် ၁၀ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် လုပ်ငန်းအားနည်းချက်များအပေါ် သင်ခန်းစာဖော်ထုတ်ပြီး ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ကြိုတင်ပြင်နိုင်အောင် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးတက်ရောက်လာကြသည့်  ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ အချိန်အားဖြင့်သော်လည်းကောင်း၊ သက်မှတ်စံချိန်စံညွှန်းဖြင့်သော်လည်းကောင်း အားနည်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးသုံးသပ်တင်ပြကြစေလိုကြောင်း၊ ထိုသို့ဆွေးနွေးသုံးသပ်တင်ပြရာတွင် နောင်လာမည့်အနာဂတ်တွင် လုပ်ငန်းများဆောင်ရွက်ရာတွင် မည်ကဲ့သို့ဆောင်ရွက်သင့်ကြောင်းကိုပါ ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းများအပေါ်ရရှိသည့် သင်ခန်းစာများနှင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှု ရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေလင်းအောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက် )