ချမ်းအေးသာစံ ဧပြီ ၁၂
မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်နေရာများတွင် ကူညီရှာဖွေကယ်ဆယ်ခြင်း၊ အန္တရာယ်ရှိအဆောက်အဦများအား ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၀ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ အတွင်းရေးမှူးများ၊ ဌာန(၁၄)ခုမှတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူချုပ်၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
အစည်အဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း အဆောက်အဦများ ထိခိုက်ပျက်စီးပြိုကျမှုများ၊ ပိတ်မိနေသည့်အပျက်အစီးကြားများမှ အသက်ရှင်လျက် လွတ်မြောက်လာသူများ၊ ဒဏ်ရာရသူများ၊ သေဆုံးသူများနှင့် ပျောက်ဆုံးသူများစွာရှိခဲ့ပါကြောင်း၊ ကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ အသက်ရှင်လျက်ပိတ်မိနေသူများကို ရှာဖွေကယ်ထုတ်ပေးနိုင်ခဲ့ပြီပါကြောင်း၊ အန္တရာယ်ရှိအဆောက်အဦများ၊ သာသနိကအဆောက်အအုံများအား ဖယ်ရှားရှင်းလင်းခြင်း၊ လမ်းများရှင်းလင်းခြင်းများကို ဆောင်ရွက်ပေးနေပါကြောင်း၊ ဆက်လက်နေထိုင်ရန်သင့်/မသင့် အဆောက်အဦများအား စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပေးနေပါကြောင်း၊ နေထိုင်ရန်မသင့်သည့် အဆောက်အဦများနှင့်ပတ်သက်၍ စစ်ဆေးရေးအဖွဲ့များမှ တင်ပြလာပါက ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် အမြန်ခွင့်ပြုဆောင်ရွက်ပေးနေပါကြောင်း၊ အဆောက်အဦများ ဖြိုချဖယ်ရှားရှင်းလင်းရာတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်းများပြီးစီးရန် အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းများဆောင်ရွက်ကြရာတွင် စာနာထောက်ထားမှုအပြည့်ထားရှိပြီး အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်နေရာများတွင် ကူညီရှာဖွေကယ်ဆယ်ခြင်း၊ အန္တရာယ်ရှိ အဆောက်အဦများအား ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာကြသူများက ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ကြုံတွေ့နေရမှုများအပေါ် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းအေးသာစံ (ပြန်/ဆက်)