သုံးခွ ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ငလျင်ဘေးအကြောင်းအသိပညာပေး ဟောပြောပွဲကို ဧပြီ (၁၁)ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ငလျင်လှုပ်ခတ်နေစဉ် ဘေးအန္တရာယ်ကင်းဝေးအောင် သတိပြုလိုက်နာရှောင်ရှားသင့်သည့် အကြောင်းအရာများကိုပြောကြားပြီး မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်က ငလျင်အန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ အချိန်အခါမရွေးလှုပ်ခတ်နိုင်သောကြောင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမူရမည့်အချက်များ၊ ငလျင်လှုပ်နေစဥ်ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အချိန်တိုင်းဂရုပြုနေထိုင်ကြရန် အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော သုတ၊ရသစာအုပ်များနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသူများ ကြည့်ရှု့လေ့လာခဲ့ကြကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်