တန့်ယန်းမြို့နယ်တွင် တန်ခူးလပြည့်နေ့ အောင်တော်မူစေတီတော်မြတ်ကြီး၌ ဘုရားအနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

တန့်ယန်း ဧပြီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် တန်ခူးလပြည့်နေ့ နေမိန္ဓရ ကုန်းတော်ပေါ်၌တည်ထားသော အောင်တော်မူစေတီတော်၏ ပထမအကြိမ်မြောက် ဘုရားအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်တော်မူ စေတီတော်ကြီး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒနှင့် ကိုင်းကုန်းပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလတို့ ဦးဆောင်၍ ဘုရားအနေကဇာတင်ပွဲနှင့်လှူဒါန်းပွဲကို ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် ဆရာတော်၊ သံဃာတော် (၅၀၀)ပါးနှင့် သီလရှင် (၅၀)ပါးတို့အား နယ်မြေခံတပ်နယ်မှ အရာရှိများနှင့်မိသားစုများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်ပြည်သူများက ဆွမ်းဆန်စိမ်းနှင့်လှူဒါန်းဖွယ်ရာများကို လောင်းလှူလဲ့ကြကြောင်း သိရသည်။ 

မင်းလွင်ဦး(တန့်ယန်း)