ကျောက်ဆည် ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးတွင် တည်ရှိသော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးတွင် မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံသိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာများဖြင့် သစ္စာအဓိဋ္ဌာန်ပြုဆုတောင်းပါက တောင်းသည့်ဆုများပြည့်ဝသော တန်ခိုးကြီးဘုရားတစ်ဆူအဖြစ် လူသိများထင်ရှားလျက်ရှိပြီး “ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးရောက်တော့ အေးချမ်းသွားကာ ပြည်သူတွေရဲ့အဓိဋ္ဌာန် ငှက်ပျောပွဲတွေမြင်ပြီး စိတ်ထဲတွင် အလိုလိုကြည်နူးပျော်ရွှင်မိကြောင်း အနယ်နယ်အရပ်ရပ်က ဘုရာဖူးပြည်သူတွေနဲ့ စည်ကားနေတာမြင်ရတော့လည်း ပျော်ရွှင်ကြည်နူးရကြောင်းနှင့် မိမိအနေနှင့် အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာတွေနဲ့ အဓိဋ္ဌာန်ပွဲထိုးပြီး တွေ့ရှိရသည့်အခက်အခဲများ ပြေလည်စေပြီးနောက် အားလပ်ရက်များတွင် လာရောက်ဖူးမျှော်နိုင်ရန်နှင့် လိုရာဆုများတောင်းခဲ့ကြောင်း” ဘုရာဖူးပြည်သူတစ်ဦးက ပြောပြသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်ဘုရားကြီး၏ ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများကလည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်စေရေးအတွက် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့် ဘုရားဖူးပြည်သူများ အေးချမ်းစွာဘုရားဖူးနိုင်ရေး စနစ်တကျစောင့်ကြည့်ကူညီပေးလျက်ရှိပြီး ဘုရားဖူးလာပြည်သူများ၏ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် လိုအပ်သည့် ကူညီမှုများလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
စုစုအေး (ကျောက်ဆည်)