ရန်ကုန် ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကြိုနေ့ကို ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဖြင့် အေးချမ်းသာယာစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်အကြိုနေ့တွင် ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ကုသိုလ်ဒါနဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားထူးတရားမြတ်ရရှိစေရန် မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် တရားရိပ်သာတရားစခန်းများ၌ တရားထိုင်ခြင်း၊ စတုဒိသာများကျွေးမွေးလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်အကြိုနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဥ်ဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ မဟာသင်္ကြန်အကြိုစတုဒိသာကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့တွင်ပြုလုပ်သည်။
အဆိုပါစတုဒီသာကျွေးမွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ စုပေါင်းကာ မုန့်လုံးရေပေါ်၊ ဆနွင်းမကင်း၊ ကျောက်ကျော စသည့် စတုဒိသာအာဟာရများကို ပြည်သူများအား ပေးဝေခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စတုဒိသာကျွေးမွေးခြင်းကို မဟာသင်္ကြန်အကြိုနေ့ ညနေ ၃ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ မြို့နယ်စတုဒိသာအလှူမဏ္ဍပ်တွင် ပြုလုပ်ခဲ့ကြောင်းသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် တာ၀န်ရှိသူများက သပြေခက်ဖြင့်ရေပက်ဖျန်းဖွင့်လှစ်ခဲ့ပြီး စတုဒိသာအလှူမဏ္ဍပ်၌ နံနက်ပိုင်းတွင် ရွှေရင်အေးစတုဒိသာ၊ ညနေပိုင်းတွင် ထမင်းစတုဒိသာတို့ဖြင့်ကျွေးမွေးရာ ရေသဘင်ပွဲပါဝင်ဆင်နွှဲသူ ခရီးသွားလာပြည်သူများလာရောက်သုံးဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စတုဒိသာကျွေးမွေးခြင်းနှင့် ရေကစားခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ခနောင်တိုအရှေ့ရပ်ကွက်၊ ဗဟိုလမ်းတွင် ရိုးရာယဉ်ကျေးမှုအစဥ်အလာမပျက် စတင်ကျင်းပခဲ့ရာ ပြည်သူများအေးချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ မဟာသင်္ကြန် စတုဒိသာရေကစားမဏ္ဍပ်၌ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ရေသဘင်ပွဲ လာရောက်ပါဝင်ဆင်နွှဲကြသူ ပြည်သူများအား မြန်မာ့သနပ်ခါးလိမ်းခြယ်ပေးခြင်းနှင့်အတူ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။