မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စုရှိ နေအိမ်များ ပြန်လည်ထူထောင်ရေး ဆွေးနွေး

ညောင်ရွှေ ဧပြီ ၁၅

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စုရှိ နေအိမ်များ ပြန်လည်ထူထောင်ရေးအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ကေလာကျေးရွာရှိ ငလျင်ဘေးဒဏ် ရှေ့တန်းကွပ်ကဲမှုရုံး၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ယိုင်လဲသွားသည့် နေအိမ်များ ပြန်လည်တည့်မတ်ခြင်း၊ ပြိုကျပျက်စီးသွားသည့်နေအိမ်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားရေး၊ ပျက်စီးသွားသည့် အ.ထ.က(ခွဲ) ကေလာကျောင်းဆောင် အန္တရာယ်ကင်းစွာဖျက်သိမ်းရေးနှင့် ပြိုကျပျက်စီးသွားသည့်နေအိမ်များ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးပါက အလှူရှင်များက နေအိမ်ဆောက်လုပ်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ