မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲနှင့် စတုဒီသာမဏ္ဍပ်ဖွင့်ပွဲ သုံးခွမြို့၌ကျင်းပ

သုံးခွ ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲနှင့် စတုဒီသာမဏ္ဍပ်ဖွင့်ပွဲကို  ဧပြီ(၁၃)ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်က မြို့​နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့်အဖွဲ့ဝင်များက စတုဒီသာမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး မြန်မာ့ရိုးရာအစဥ်အလာမပျက် သပြေခက်များ၊ အမွှေးနံ့သာများဖြင့် ပြည်သူများအားပက်ဖျန်း၍ ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် သုံးခွမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းသော စတုဒိသာ ရွှေရင်အေးများကို ပြည်သူများအား ကျွေး‌‌မွေးခဲ့ကြသည်။

မဟာသင်္ကြန်ပွဲနှင့် စတုဒိသာအာဟာရကျွေးမွေးခြင်း၊ဘိုး ဘွားများအားပူဇော်ကန်တော့ခြင်း၊ မြန်မာ့ရိုးရာအစဥ်အလာမပျက် ရေကစားခြင်းတို့ကို မဟာသင်္ကြန်ကာလအတွင်း နေ့စဥ်နေ့တိုင်းဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

စည်သူလင်း(ပြန်/ဆက်)