မကွေး ဧပြီ ၁၆
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့်ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် မကွေးမြို့တွင် မဟာသင်္ကြန်အကြိုနေ့မှစတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းများကို ကျင်းပခဲ့ပြီး၊ ဧပြီလ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက မကွေးမြို့ကမ်းနားလမ်း၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အကြီးအကဲများက ကြည့်ရှုအားပေးခဲ့သည်။
မကွေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းကြည်နူးစွာဖြင့် တစ်ဦးနှင့်တစ်ဦး သပြေခက်ဖြင့် ရေပက်ခြင်းများ၊ ရေလောင်းခြင်းများ၊ ဘိုးဘွားများအား လက်သည်းခြေသည်းညှပ်ပေးခြင်း၊ စတုဒိသာအကျွေးအမွေးများနှင့် မြန်မာ့ရိုးရာသနပ်ခါး သရုပ်ပြလိမ်းခြယ်ခြင်းများအား မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ မြန်မာ့ရိုးရာအတာရေသဘင်ပွဲကျင်းပနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ မကွေးတပ်နယ်မှအကြီးအကဲများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသွားရောက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲကြသူများအား မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်ဖြင့် သင်္ကြန်ရေအေး ပက်ဖျန်းပေးကာ၊ မဏ္ဍပ်များတွင် စတုဒိသာအဖြစ် မြန်မာရိုးရာမုန့်များ၊ ရွှေရင်အေး၊ သာကူချို၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်၊ ကြာဇံဟင်းခါးကျွေးမွေးခဲ့ခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
မကွေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနများ၏ မဏ္ဍပ်များတွင် စတုဒိသာကျွေးမွေးခြင်းများနှင့်အတူ မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနဲ့အညီ သပြေခက်ဖြင့် ရေပက်ကစားခဲ့ကြပြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်ပွဲတော်တွင် သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် လာရောက်ရေကစားကြသူများအား မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် ယဉ်ကျေးမှုနှင့်အညီ ကခုန်တီးမှုတ်ခြင်းမျိုးမပါရှိပဲ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အတာသင်္ကြန်ပွဲတော်ကာလအတွင်း ယဉ်ကျေးသိမ်မွေ့အေးချမ်းစွာဖြင့် အေးသင်္ကြန်အဖြစ် ကျင်းပခြင်း၊ နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ရပ်ကွက်များအတွင်း စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း စသည့် ကုသိုလ်ကောင်းမှုများဖြင့် အေးချမ်းသာယာစွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မောင်ညီညာ