ကြံခင်းမြို့၌  မဟာသင်္ကြန်အကြတ်နေ့အား ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် ယဉ်ကျေးသိမ်မွေ့စွာ ရေဆော့ကစားခြင်းနှင့် စတုဒိသာမုန့်များဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိ

ကြံခင်း ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မဟာဘောဂလမ်း ဈေးတာဝန်ခံရုံးရှေ့တွင် ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်အကြတ်နေ့အား ရိုးရာအစဉ်အလာမပျက်ယဉ်ကျေးသိမ်မွေ့စွာဖြင့် သင်္ကြန်ကာလအတွင်း နေ့စဉ် နံနက်(၉)နာရီမှစ၍ ကျင်းပပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများဖြင့် အေးချမ်းစွာရေဖလားတွင် သပြေခက်ထည့်ကာရေဆော့ကစားခြင်းနှင့် စတုဒိသာမုန့်များကျွေးမွေးလှူဒါန်းလျက်ရှိသည်။

အေးသင်္ကြန်အတွင်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်စေရန်အတွက် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များက လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲသူများအား မြန်မာ့သနပ်ခါးလိမ်းခြယ်ခြင်း၊ စတုဒိသာ(မုန့်လုံးရေပေါ်) ကျွေးမွေးလှူဒါန်းနေမှုကို ဆောင်ရွက်ကြသည်။ ထို့နောက် မြန်မာ့ရိုးရာသင်္ကြန်အကြတ်နေ့ကို အေးချမ်းစွာဖြင့် အပြန်အလှန်ရေဖလားများဖြင့် ရေပက်ဖြန်းကြကာ ရေကစားကြသည်။

ကြံခင်းမြို့နယ်အတွင် သင်္ကြန်ကာလအတွင်း ရပ်ကွက်၊ ကျေးရွာများ၌ စေတနာရှင်များက စတုဒိသာ သင်္ကြန်ထမင်း၊ မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် စားသောက် ဖွယ်ရာများကျွေးမွေးလှူဒါန်းခြင်း၊ တစ်ဦးချင်းရေပက်ကစားခြင်းတို့ကို အေးသင်္ကြန်နှင့်အညီ အေးချမ်းသာယာစွာဖြတ်သန်းလျက်ရှိပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ဘိုးဘွားများအားကန့်တော့ခြင်း၊ ခြေသဲ လက်သဲ ဖြတ်(ညှပ်)ပေးခြင်း၊ ဇီဝဒါနငါးလွှတ်ခြင်းနှင့် နှစ်သစ်မင်္ဂလာတရားပွဲကို ၅၂၈ လူငယ် ဖွံ့ဖြိုးပရဟိတကျောက်တိုင်ကျောင်းအုပ်ဆရာတော် သီတဂူဗုဒ္ဓတက္ကသိုလ်(ပြည်)(ပါမောက္ခ) ဒေါက်တာ ပညာနန္ဒမှ ဧရာဦးခန်းမ၌ နှစ်ဦးတရားဟောကြားမည်ဖြစ်ကြောင်း  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရ သည်။

ဖြိုးဝေလင်း(ပြန်/ဆက်)