မိုးညို ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြန်မာတို့၏ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုး ကုသိုလ်ပြုလျက်ရှိကြရာ မဟာသင်္ကြန်အတက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အစဥ်အလာမပျက်ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ယနေ့နံနက်ပိုင်းက ဇောတိကရပ်ကွက်၊ ပန်းစံပါယ်လမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ရပ်ကွက်အတွင်းရှိ အလှူရှင်များက စုပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက်အသီးသီးမှ လာရောက်သုံးဆောင်ခဲ့ကြောင်း၊ အဆိုပါ စတုဒိသာ လာရောက်သုံးဆောင်သူ ပြည်သူများကလည်း ရိုးရာမပျက်ရေပက်ကစားကြပြီး အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
အလားတူ မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများ၌လည်း မြန်မာ့ရိုးရာမဟာသင်္ကြန်ကို အေးချမ်းစွာရေကစားခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းများဖြင့် အေးချမ်းစွာဆင်နွှဲခဲ့ကြောင်း သိရှိရသည်၊၊
ကိုမင်း (ပြန်/ဆက်)