ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများ ဆက်လက်ပြုလုပ်

ဆိပ်ကြီးခနောင်တို ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သင်္ကြန်အတက်နေ့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်၊ ဗဟိုလမ်းရှိ မြို့နယ်စတုဒိသာမဏ္ဍပ်တွင် ဆက်လက်ပြုလုပ်လျက်ရှိသည်။

ထိုသို့ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့တွင် ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ မဟာသင်္ကြန်စတုဒိသာရေကစားမဏ္ဍပ်၌ မြန်မာ့ရိုးရာအစားအစာ မုန့်လက်ဆောင်းစတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ ရေသဘင်ပွဲ လာရောက်ပါဝင်ဆင်နွှဲကြသူများအား မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်ပေးခြင်းနှင့်အတူ မြို့နယ်အတွင်း ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ တရားဘာဝနာအားထုတ်သူများဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)