မြစ်ကြီးနား ဧပြီ ၁၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများအား စွန့်ခွာလာခဲ့ကြသော ပြည်သူများနှင့်ဝန်ထမ်းများအတွက် မိုးမကျမီ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးစီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့နံနက်(၈)နာရီတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင်မြေဧရိယာ၌ နေအိမ်များဆောက်လုပ်ပေးနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၁)၊ ကွင်းအမှတ်(၄) ရောရင်ကွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာ (၅၉ ဒဿမ ၅၆) အတွင်းရှိ (၃ ဒဿမ ၅၀) ဧကပေါ်၌ ချီဖွေမြို့နယ်မှဝန်ထမ်းများအား ယာယီနေအိမ်များဆောက်လုပ်၍ နေရာချထားပေးနိုင်ရေးမြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး နေအိမ်များ အမြန်ဆုံးဆောက်လုပ်ပေးနိုင်ရေးအတွက် တွက်ချက်မှုဖြင့် တင်ပြပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အဆိုပါ မြေဧရိယာအတွင်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဗန်းမော်မြို့တို့မှ နေရပ်စွန့်ခွာလာခဲ့ကြသော အိမ်ထောင်စု (၅၀)တို့အား နေရာချထားပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝါး၊ သွပ်မိုး၊ ထရံကာ (၅)ခန်းတွဲ နေအိမ်အဆောက်အဦများ တည်ဆောက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိုးမကျမီ အမြန်ပြီးစီးအောင်တည်ဆောက်၍ ရွေ့ပြောင်းနေထိုင်နိုင်အောင် စီစဉ်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်