ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲတက်ရောက်၊ ဆရာတော်ကြီးများအား နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း

စစ်တွေ  ဧပြီ ၁၆

ရခိုင်ပြည်နယ်အစိုးရအဖွဲကကြီးမှူး၍ နိုင်ငံတစ်ဝှမ်း ရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ကန်တော်ကြီးရေကန်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက နိုင်ငံတစ်ဝှမ်းရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ကန်တော်ကြီးရေကန်၌ စုပေါင်းဇီဝိတဒါနငါးလွှတ်ပေး ကြသည်။ အဆိုပါ ငါးလွှတ်ပွဲတွင် ရွှေဝါငါးကြင်း၊ ငါးခုံးမနှင့်ပုဇွန်လုံးအကောင်အရေ(၃၀၀၀) ကျော်တို့ကို ဇီဝိတဒါနအဖြစ် ကန်တော်ကြီးရေကန်ထဲသို့လွှတ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် စစ်တွေမြို့၊ တပ်ဦးဆုတောင်း ပြည့်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တညဏဝံသမဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြပြီး ဆရာတော်ကြီးထံသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီးတို့က နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် ပညာလင်္ကာရကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒမဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြပြီး ဆရာတော်ကြီးထံသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များသည် စစ်တွေမြို့၊ ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာသို့သွားရောက်ပြီး ဘိုးဘွားများအားကန်တော့ကာ ဝတ္ထုငွေနှင့်စားသောက်ဖွယ်ရာများလှူဒါန်းသည်။ ထို့ပြင် ဘိုးဘွား၏တစ်ကိုယ်ရေသန့်ရှင်းရေးဖြစ် လက်သဲခြေသဲများညှပ်ပေးခြင်းကိုဆောင်ရွက်ပေးကြပြီး ဗုဒ္ဓဘုရားရှင်အား ပန်းများကပ်လှူပူဇော်နိုင်ရန် အဘွားများထံသို့ ပန်းများလှူဒါန်းပေးခဲ့ကြသည်။

ထို့အတူ စစ်တွေမြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲမှဦးဆောင်ပြီး နိုင်ငံတစ်ဝှမ်း ရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ဧပြီလ ၈ ရက်နေ့ညနေပိုင်းမှ စတင်ကာ စစ်တွေမြို့၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်၌ စာသင်တိုက်ပဓာနနာယက ဆရာတော် မဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယအမှူးပြုသော သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ပွားပူဇော်ခြင်း၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် ဝတ်ရွတ်အသင်းများက ရတနသုတ်ပရိတ်တရားတော်များအား တစ်ချိန်တည်း တစ်ပြိုင်တည်း ရွတ်ပွားပူဇော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)