ဓနုဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ဓနုဖြူ ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတတ်နေ့ နံနက်ပိုင်းက သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ပွဲကို အမှတ်(၁၀)ရပ်ကွက်၊ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအတွင်းရှိ ဦးဖိုးရွှေတန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကန်တော့ခံဘိုးဘွားများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြရာ ကန်တော့ခံဘိုးဘွား(၁)ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ဘိုးဘွားများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့်အဖွဲ့ဝင်များက လက်သည်း၊ ခြေသည်းညှပ်ပေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)