ပုဇွန်တောင် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သင်္ကြန်အတက်နေ့ နံနက် အရုဏ်တက်ချိန်မှစ၍ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးလာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။
ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ အာရုံခံတန်ဆောင်းကြီးများတွင် ဥပုသ်သီလစောင့်တည်သူများ၊ စတုဒိသာကျွေးမွေးကြသူများ၊ ပန်းရေချမ်းကပ်လှူပူဇော်ကြသူများ၊ တရားထိုင်၊ ပုတီးစိပ်၊ အဓိဋ္ဌာန်ပြု ဆုတောင်းနေကြသည့် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိပြီး သင်္ကြန်ကာလ ဥပုသ်သီလပေး တရားပွဲများတွင်လည်း တရားနာပရိသတ်များဖြင့် စည်ကားလျက်ရှိသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများတွင်လည်း တရားစခန်းများ၊ ဥပုသ်သတင်းသီလဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနပြုလုပ်သူများနှင့် စည်ကားလျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ ဓမ္မာရုံများ၌ မဟာသင်္ကြန်နှစ်ကူးကာလတွင် နံနက်(၈)နာရီခွဲမှစတင်ကာ ပြည်သူများအေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ်