ငွေဆောင် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ မဟာသင်္ကြန်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ်လျက်ရှိရာ ယနေ့ သင်္ကြန်( အတက်) နေ့တွင်လည်း ကမ်းခြေတွင် ရေကူးသူ၊ အပန်းဖြေသူများဖြင့် ဆက်လက်စည်ကားလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသည် ကမ်းခြေသန့်ရှင်းသာယာလှပပြီး လည်ပတ်စရာနေရာပေါများသောကြောင့် ခရီးသွားဧည့်သည်များ စဥ်ဆက်မပြတ်လာရောက်အပန်းဖြေရာ ကမ်းခြေတစ်ခုဖြစ်သည်။ ငွေဆောင်ကမ်းခြေသို့ လာရောက်အပန်းဖြေကြသည့်ဧည့်သည်များသည် speed boat, Banana Boat တို့ဖြင့် ငွေဆောင်၏ အထင်ကရကျွန်းများ သွားရောက်လည်ပတ်ခြင်း၊ မိုးမခဆင်စခန်းနှင့် ငွေဆောင်ဆင်စခန်းသို့ သွားရောက်လည်ပတ်ခြင်း၊ ကမ်းခြေတွင်အပန်းဖြေခြင်း၊ ပင်လယ်ရေ ကူးခြင်းတို့ဖြင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလကို ဖြတ်သန်းလျက်ရှိကြသည်။
ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပစေရေး၊ စျေးသည်များသတ်မှတ် စည်းကမ်းနှင့်အညီရောင်းချစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
R – 014( ငွေဆောင် )