ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ပဲခူး ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ (၁၅၀၀၀၀) အား ကျုံးရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။

ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ်ရပ်ကွက်များမှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ နှစ်ဟောင်းက နှစ်သစ်ကိုကူးပြောင်းသည့် မြန်မာနှစ်ဆန်း () ရက်နေ့သည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် မင်္ဂလာရှိပြီး လန်းဆန်းသစ်လွင်သည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး ယခုလိုနေ့ထူးနေ့ထူးမြတ်မှာဂါရဝေါစနိဝါတောစ ဆိုသည့် မင်္ဂလာတရားတော်နှင့်အညီ ရိုသေသင့်ရိုသေထိုက်သူများ၊ ပူဇော်သင့်ပူဇော်ထိုက်သူများကို ပူဇော်ကန်တော့ရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုသည့် စကားနှင့်အညီ မိမိထက် အသက်အရွယ်ကြီးမားပြီး အတွေ့အကြုံရင့်ကျက်သည့် အဘိုးအဘွားများကို ပူဇော်ကန်တော့ခြင်းသည် ကုသိုလ်ကြီးမားပြီး မင်္ဂလာရှိသော ကောင်းမြတ်သည့် အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ မိမိတို့လူငယ်၊ လူရွယ်၊ လူလတ်အားလုံးသည် အဘိုးအဘွားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံလုံခြုံခြုံနွေးနွေးထွေးထွေးဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ အားလုံးက ဝိုင်းဝန်းအားပေးမြှင့်တင်စောင့်ရှောက်ပေးကြရမှာဖြစ်ပါကြောင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် နှစ်သစ်မင်္ဂလာအခါသမယမှာ သက်ကြီးဝါကြီး ဘိုးဘွားများနှင့်တကွ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံးစိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များဖြင့် နိုင်ငံတော်နှင့် ဘာသာ/သာသနာအကျိုး၊ ပြည်သူ့အကျိုး၊ ဒေသအကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုး ကြီးပွားတိုးတက်အောင် ထမ်းရွက်နိုင်ကြစေလိုကြောင်း မေတ္တာပို့ နှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော တက်ရောက်လာကြသူများက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး အလှူငွေနှင့် ကန်တော့ခံပစ္စည်းများအားပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုပေးစကားပြန်လည်ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ပေါ် ရပ်ကွက်နှင့် သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုးအဘွား (၆၀) ဦးအား ပူဇော်ကန်တော့ကြခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း () ရက်နေ့တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်အား သံဃာတော်များဖြင့် မြို့တွင်း/မြို့ပြင် မော်တော်ကားများဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)