ကချင်ပြည်နယ်ဝန်ကြီးချုပ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်နေ့ ဇီဝိတဒါငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများသို့ တက်ရောက်အားပေးချီးမြှင့်၊ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်

မြစ်ကြီးနား     ဧပြီ ၁

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်နေ့တွင် နှစ်စဉ် မြန်မာတို့ ၏လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ကျင်းပမြဲဖြစ်သည့် ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ယနေ့ နံနက်ပိုင်းတွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ကန်တော့ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ အခမ်း အနားများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဧရာဝတီ ရှုခင်းသာအပန်းဖြေစခန်း၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးကြီးကြပ်‌မှုစောင့်‌ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဝတ်အသင်းအဖွဲ့များနှင့်အတူ ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်းကောင်ရေ (၂)သိန်းနှင့် ငါးခုံးမကြီးကောင်ရေ (၁)သိန်းတို့က ဇီဝိတဒါအဖြစ် ဆုတောင်းမေတ္တာပို့သ၍ လွှတ်ပေးခဲ့ ကြသည်။

ထို့နောက်မြစ်ကြီးနားမြို့၊ပြည်သူအားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည့် မြန်မာနှစ်ဆန်း (၁)ရက်နေ့ သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဘိုး/ဘွားများအား အာဟာရ ဒါနပြုဧည့်ခံကျွေးမွေးပေးကြပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက ဘိုး/ဘွားများအား ကုသိုလ်ဒါနပြုသည့်အနေဖြင့် မြန်မာ့တို့၏ ရိုးရာအစဉ်အလာနှင့်အညီ လက်သည်း/ ခြေသည်းများ ညှပ်ပေးနေမှု၊ ခြေလက်များဆေးကြောပေးခြင်း စသည့် ကုသိုလ်ဒါန ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဘိုးဘွား များအား လိုက်လံဂါဝရပြုနှုတ်ဆက်အားပေးခဲ့ကြကာ အတာရေအေးကို အမွှေးနံ့သာရည် သပြေခက် ဖြင့် ရေကုသိုလ်ပြု လိုက်လံပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်၍ သက်ကြီးပူဇော်ပွဲအခမ်းအနားကို မိုးလုံလေလုံအားကစားခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား (၁၀၀)ဦးတို့အား ပူဇော် ကန်တော့ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဘိုးဘွားများအား ပြည်နယ် အစိုးရအဖွဲ့က အဘိုးအဘွားများတစ်ဦးလျှင် ငွေကျပ် (၁)သိန်းခွဲတန်ဖိုးရှိ လက်ဆောင်ပစ္စည်းများနှင့် အလှူငွေများကို လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမိသားစုက အဘိုးအဘွား တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ ခွဲနှုန်းကို လည်းကောင်း၊ အလှူရှင်များကလည်း အလှူငွေများနှင့် လက်ဆောင် ပစ္စည်းများကို လည်းကောင်း ဂါဝရပြု ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးတစ်ဦး၏ ဆုမွန်ကောင်း တောင်း၍ ဆုံးမသြဝါဒစကားကို ပြန်လည်ပြောကြားမှုကို နာယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ မြန်မာနှစ်ဆန်း (၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး နန်းကွေ့ကျေးရွာ၊ နိုင်ငံတော်ဗဟို သံဃာဝန်ဆောင်၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဒ္ဒန္တဟိတေသိတ အမှူးပြုသော ဆရာတော်သံဃာ တော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တက်ရောက် လာကြသူများက အခမ်းအနားကို နမောတသ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြကာ ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ အန္တရာယ် ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်/သံဃာတော်များ အား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ဓမ္မရက္ခိတဝန်သိုကျောင်းတိုက် ပဌာနနာယကဆရာတော်ထံမှ အနုမောဒနာတရားတော်နာယူခဲ့ကြ ကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ပြည်နယ်စေတနာ့သွေးသန့်သွေး လှူရှင်အသင်းနှင့် ဒေသတွင်း စေတနာ့သွေးသန့်သွေးလှူရှင်များ ပူးပေါင်းကျင်းပသော သွေးလှူဒါန်း ပွဲ အခမ်းအနားသို့ တက်ရောက်၍ ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် သွေးလှူဒါန်းပေးနေ ကြသော အလှူရှင်များ လိုက်လံနှုတ်ဆက်အားပေးကာ အဟာရဖြည့်စွက် အစားအစာများနှင့် ချီးမြှင့် ငွေများကို ပေးအပ်ခဲ့ကြပြီး သွေးလှူရှင်အသင်းအတွက် ချီးမြှင့်ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို လည်းကောင်း၊ သွေးလှူဒါန်းမှု အကြိမ်ရေ (၁၀၀)နှင့် အထက် သွေးလှူရှင်များနှင့် အကြိမ်ရေ (၅၀)နှင့် အထက် သွေးလှူရှင်များအား ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ဧပြီ (၁၆)ရက် (သင်္ကြန်အတက်နေ့) ညနေပိုင်းကလည်း မြန်မာ့ရိုးရာ အစဉ်အလာ၊ မြန်မာမှု၊ မြန်မာ့ဓလေ့နှင့်အညီ သင်္ကြန်ပွဲတော်ကို အတာရေအေး ပက်ဖျန်း၍ အေးချမ်းသော သင်္ကြန် ပွဲတော်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းမိသားစုများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ သင်္ကြန်ပွဲအတက်နေ့သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရ  အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ကချင်ပြည်နယ်အနေဖြင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေး ကြောင့် ဒုက္ခရောက်ခဲ့ရသည့် ပြည်သူများကို မေတ္တာဂရုဏာထားပြီး မြန်မာ့ယဉ်ကျေးမှုနှင့်အညီ အေးချမ်းသည့်သင်္ကြန်ပွဲ၊ အေးသင်္ကြန်ပွဲတော် အဖြစ်သာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊  သို့ဖြစ်ပါ၍ မြန်မာနှစ်သစ်ကူးအခါသမယမှ စတင်ပြီး နောင် လာမည့် ကာလတစ်လျှောက်လုံး ဘေးရန်ကင်းငြိမ်းပြီး နှစ်သစ်ကူးနှစ်သစ်ကူးအတာရေအေးသကဲ့သို့ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း၊ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သခြင်းနှင့်အတူ မြန်မာသက္က ရာဇ် ၁၃၈၆ ခုနှစ်ကို နှုတ်ဆက်ပြီး ၁၃၈၇ ခုနှစ်၊ မင်္ဂလာနှစ်သစ်ကို လှိုက်လှဲစွာကြိုဆိုပါကြောင်းဖြင့် ဆုတောင်းမေတ္တာပို့သပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်္ကြန်ပွဲတော် တက်ရောက်လာကြသည့် တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစု များအား ရိုးရာအစဉ်အလာနှင့်အညီ အတာရေအေးကို အမွှေးနံ့သာရည် အောင်သပြေခက်ဖြင့် ဆုမွန် ကောင်းတောင်း၍ လိုက်လံပက်ဖျန်းပေးခဲ့ကြပြီး တက်ရောက်လာသူများအား သင်္ကြန်ရာသီစာ ကြာဆံဟင်းခါးနှင့် သာကူကျိုများကို  စတုဒီသာမဏ္ဍပ်၌ တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြကာ အတာ ရေသဘင်ပွဲတော်၊ ရေကစားမဏ္ဍပ်၌ မြန်မာ့တို့၏ သနပ်ခါးအား ယူနက်စကို၏ လူသားမျိုးနွယ် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် တစ်ဦး ကိုတစ်ဦး သနပ်ခါးလိမ်းခြယ်ပေးခြင်းတို့ကို ချစ်ခင်ရင်းနှီးစွာဆောင်ရွက်ပေးခဲ့ကြပြီး ဝန်ထမ်းမိသား စုများအား အတာရေပက်ဖျန်းပေးခြင်းကို မြန်မာမှု၊ မြန်မာ့ဟန်၊ ရိုးရာအစဉ်အလာနှင့်အညီ အေးချမ်း စွာကျင်းပပြုလုပ်ခဲ့ကြပြီး အခမ်းအနားတွင် ပါဝင်ကူညီဆင်နွှဲပေးခဲ့ကြသော ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်