မြဝတီ ဧပြီ ၁၇
ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်ချိန်ခါသာမယတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ရှေးစဉ်လာမပြတ် သံဃာတော်များမှ မြို့တွင်းအန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် အာယုဒီဃဂုဏပူဇာ သက်ကြီးပူဇော်ပွဲကျင်းပခြင်းတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ သံဃာတော်၊ အရှင်သူမြတ်များဦးဆောင်ပြီး မြို့တွင်းလှည့်လည်ကာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးသည်။
ဆက်လက်၍ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်ဦးဆောင်ပြီး အမှတ်(၂၇၅)ခြေလျင်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဇော်ဟံဦး၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများကဇီဝိတဒါနငါးလွှတ်ပွဲကျင်းပခဲ့ရာ ငါးခူ၊ ငါးကျည်း၊ ငါးရံ့နှင့် ငါးပြေမကောင်ရေ ၆၈၀ တို့ကိုသောင်ရင်းမြစ်အတွင်း စုပေါင်း၍ထည့်လွှတ်ပြီး ကုသိုလ်ယူကြသည်။
ထို့နောက် မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့ဟိတကာရီ ဗိမာန်တော်၌ အာယုဒီဃဂုဏပူဇာသက်ကြီးပူဇော်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းတိုက်အသီသီးမှ ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ပေးပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်မြဝတီမြို့၊ မြသုခ၊ တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဒေါက်တာအရှင်ပညာနန္ဒထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က သက်ကြီးဘိုးဘွားများအားဂါဝရစုံညီပဏာချီကန်တော့ ချိုးဖြင့်ကန်တော့ကြပြီး ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ အမှတ်(၂၇၅)ခြေလျင်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဟံဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များကအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး ၄၅ ဦး၊ အဘွား ၈၉ ဦးစုစုပေါင်း ဘိုးဘွား ၁၃၄ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ကိုးသောင်းငါးထောင်၊ အာဟာရဒါနဖြည့်စွက်စာများနှင့် ခရိုင်ကျန်းမာရေးဌာနမှ လှူဒါန်းပေးသည့် ဆေးဝါးများကိုပေးအပ်လှူဒါန်းခဲ့ကြပြီး ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုပေးစကားများပြောကြားပေးပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)