အင်းစိန်မြို့နယ် လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ၌ (၂၄) ကြိမ်မြောက် မျက်နှာသစ်တော်ရေကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ၌ (၂၄) ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဘုရားရှိ ဂန္ဓကုဋိတိုက်တွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး သက်ပိုင်ဇော်နှင့် ဇနီး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထိုသို့ ကျင်းပရာတွင် အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တက်ရောက်ကြည်ညိုကြသည့် ဧည့်ပရိသတ်များမှ အောင်ဆန်းတပ်ဦးတောရ ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဒမ္မကိတ္တိသာရထံမှ (၉) ပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များမှ ဗုဒ္ဓါနိမန္တနကထာ၊ ဒေဝနိမန္တနကထာ၊ ဇယန္တောဗောဓိယာဂါထာတော်၊ သဗ္ဗဇေယျမင်္ဂလာအောင်ဂါထာတော်များ ရွတ်ဖတ်ပေးခြင်းနှင့် ငြမ်းအထက်ရုပ်ပွားတော်မြတ်ကြီးမျက်နှာတော်ရှေ့တွင် ဆရာတော်ကြီးများနှင့် ဧည့်သည်တော်ကြီးများက မျက်နှာသစ်တော်ရေ ဆက်ကပ်ပူဇော်ခြင်း၊ သွားတော်ဒန်ပူဆက်ကပ်ခြင်း၊ ယပ်တော်သွင်းခြင်းများကို ပူဇော်ကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များမှ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) အား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ဧည့်သည်တော်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် နာယကဆရာတော်ကြီးထံမှ ရေစက်ချတရားနာယူပြီး ဗုဒ္ဓသာသနံစိရံတိဌတု (သုံးကြိမ်) ရွတ်ဆိုဆုတောင်းကြသည်။

ယင်းနောက် ဇီဝိတဒါနငှက်ဘေးမဲ့လွှတ်ခြင်းကို လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ရင်ပြင်တော်ပေါ်တွင် ဆောင်ရွက်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး သက်ပိုင်ဇော်နှင့် တာဝန်ရှိသူများက ငှက်များကို ကောင်းကင်သို့ ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)