ပေါင်းတည် ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ဝဲကြီးရေလှောင်တမံမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁ရက်မှစ၍ စိုက်ပျိုးရေပေးဝေကာ နွေစပါးအတွက် ထွန်ယက်စိုက်ပျိုးခဲ့ကြပြီး ယခုအခါ မြို့နယ်အတွင်းရှိ နွေစပါးများသည် ပျှမ်းမျှသက်တမ်း ရက် ၇၀ ခန့်ရှိနေကြပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာရကြသဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းသိရသည်။
ယခုနှစ် မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးမြေများအနက် ဧကပေါင်း ၂၆၀၀၀ ကျော်၌ နွေစပါးစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး မျိုးကောင်း မျိုးသန့်အထွက်ကောင်းအောင်နိုင်တိုး၊ ရတနာတိုး၊ ဗီယက်နမ်နှင့်ရေဆင်းစပါးမျိုးများကို အများဆုံးစိုက်ပျိုးထားကြောင်း၊ ထိုနွေစပါးစိုက်ပျိုးရေးအတွက် တောင်သူများသို့ နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများကို ထောက်ပံ့ကူညီခဲ့ပြီး ခေတ်မီစိုက်နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရန် အားပေးကူညီခဲ့ကြသည်။
နွေစပါးစိုက်ပျိုးထုတ်လုပ်မှုသည် မိုးစပါးထက်အထွက်နှုန်းကောင်းလေ့ရှိပြီး ပန်းတိုင်အထွက်နှုန်းလည်း ပြည့်မီကျော်လွန်ကြသဖြင့် နွေစပါးစိုက်ပျိုးမှုဖြင့် နိုင်ငံ့စီးပွားတိုးတက်လျက်ရှိကာ တောင်သူများလည်း ထပ်တူအကျိုးခံစားရ၍ အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရွှေသား(IPRD )