ခမောက်ကြီး ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တိလောကာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးမှူး၍ အ.ထ.က ခမောက်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ် (၁) နာရီခန့်က သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူများက မင်္ဂလာကဗျာ(၁)(၂)(၃)တို့ကို သံပြိုင်ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက တိလောကာရုံကျောင်းတိုက်ဆရာတော်ထံမှ ဩဝါဒခံယူခဲ့ကြသည်။ ထို့နောက် အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုစကခမှူး ဗိုလ်မှူးကြီး ကျော်မြင့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းအတွက်လိုအပ်သည့် သင်ကြားရေးပစ္စည်းများအား သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသားများထံသို့ လှူဒါန်းခဲ့ကြသည်။ ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခမောက်ကြီးမြို့ တိလောကာရုံပရိယတ္တိစာသင်တိုက်မှ နာယကဆရာတော်နှင့် စာချဆရာတော်၊ အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုစကခမှူးနှင့် ဝာာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)