ကရင်ပြည်နယ် တောင်ကလေး အဲးခိုးစာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့၏ ရုံးအဆောက်အဦနှင့် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ဘားအံ ဧပြီ ၂၀

ကရင်ပြည်နယ်၊ တောင်ကလေး၊ အဲးခိုးစာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့၏ ရုံးအဆောက်အဦနှင့် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားဖွင့်ပွဲကို ဘားအံမြို့၊ ရတနာသုခအိမ်ရာဗိုလ်ချုပ်လမ်း၊ အမှတ်(၅)ရပ်ကွက် တွင် ယနေ့နံနက် ၉ နာရီက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရပ်ကွက်နေ ရပ်မိရပ်ဖများ၊ လူငယ်များ၊ တောင်ကလေးအဲးခိုးစာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အဆိုပါ ရုံးအဆောက်အဦနှင့် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အဲးခိုးစာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါအဆောက်အဦဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ကရင်ပြည်နယ်၊ တောင်ကလေး၊ အဲးခိုးစာမူဆုစိစစ်ရွေးချယ်ရေးအတွက် တောင်ကလေးဆရာတော်မှ ကျပ်သိန်း(၁,၀၀၀)နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း(၅၀) မတည်လှူဒါန်းပြီး မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရေး၊ ကရင်တိုင်းရင်းသားစာပေဖွံဖြိုးတိုးတက်ရေးနှင့် မော်ကွန်းမှတ်တမ်းတင်နိုင်ရေးအတွက်ရည်ရွယ်၍ နှစ်စဉ်ကရင်ပြည်နယ်နေ့တွင် စာမူဆုများချီးမြှင်သွားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)