ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများ ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကျောက်ဆည် ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများအား ယနေ့နံနက်ပိုင်းက ဖောင်ရွာရပ်ကွက်ရှိ ဝေဘူချောင်တွင်ယာယီမေတ္တာ ကွန်းခိုရာနေရာ(၂)ကိုဖွင့်လှစ်ထားပြီး  ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်၊ စင်ကာပူရောက် Unity Heart အဖွဲ့၏ လှူဒါန်းမှုဖြင့် ဒေါ်သင်းပျံ့ကြူ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း(ကျောက်ဆည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)နှင့်တပ်ဖွဲ့ဝင်များ၊ ဒေါက်တာမျိုးဝဏ္ဏအောင်(မြဘုရင်) (မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)နှင့်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများပူးပေါင်း၍ အိုးအိမ်များပျက်စီး၍ အမှန်တကယ်နေထိုင်ရန်အဆောက်အဦမရှိသောမိသားစုများအတွက် ယာယီနေထိုင်ရန် စားဝတ်နေရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရန်အတွက်  ယာယီမေတ္တာကွန်းခိုရာနေရာ(၂ )ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြင်စိုင်းရပ်ကွက်၊ ပတ္တာကျေးရွာအုပ်စုမှ မန္တလေးငလျင်ကြီးကြောင့် အိုးအိမ်များပျက်စီး၍ အမှန်တကယ်နေထိုင်ရန် အဆောင်အဦးမရှိသော အိမ်ထောင်စု(၅၀)စု၊ လူဦးရေ(၁၈၅)ဦးအား ယာယီတဲများဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် စားသောက်ဖွယ်ရာများကို (၃)လတိတိကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယာယီမေတ္တာကွန်းခိုရာနေရာ(၁)ကိုလည်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်သင်းပျံ့ကြူဥက္ကဋ္ဌ ကျောက်ဆည်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။

စုစုအေး(ကျောက်ဆည်)