အုတ်တွင်းမြို့နယ်၌ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး

အုတ်တွင်း     ဧပြီ    ၂၄

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်အုတ်တွင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား လည်ချောင်းကွဲ ရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ဧပြီလ ၂၂ ရက်နေ့နံနက်ပိုင်းက နတ်စဉ်ကုန်းကျေးရွာအုပ်စု၊ ဆင်ကုန်တိုင်ကျေးရွာတွင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါက်တာဒေါ်ထက်ယမုံဦးက ကျွဲ၊ နွားများတွင်ကျရောက်တတ်သောရောဂါများ၊ ကျွဲ၊ နွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါလက္ခဏာများအား ကြိုတင်ကာကွယ်ကြရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆင်ကုန်တိုင်ကျေးရွာအတွင်းရှိ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများကိုအခမဲ့လိုက်လံထိုးနှံပေးခဲ့သည်။

အဆိုပါကျွဲ၊ နွားများအားလည်ချောင်းကွဲ ရောဂါနှင့်ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ခြောက်လလျှင်တစ်ကြိမ်အခမဲ့လိုက်လံထိုးနှံပေးလျက်ရှိပါကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိထံမှသိရသည်။

ခင်ခင်မာ(ပြန်/ဆက်)