ကျောက်ဆည် ဧပြီ ၂၇
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့၊ ပြည်လုံးနိုင်ရပ်ကွက်ရှိ အန္တရာယ်ရှိအဆောက်အဦအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အဦများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အဦ (၂၁၅၂)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အဦ (၁၉၀၄)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့်အန္တရာယ်ရှိအဆောက်အဦ (၂၄၈)လုံးမှ အဆောက်အဦ (၁၇၄)လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်အဆောက်အဦ (၇၄)လုံးဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် Myanmar Conch Cement Co.,Ltd.(ALPHA) ဘိလပ်မြေစက်ရုံ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံတာဝန်ရှိသူများမှ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ စက်ရုံများပြုပြင်နိုင်ရန် ပထမအပိုင်းလုပ်ဆောင်မှုအနေဖြင့် ပြည်ပမှပညာရှင်များဖြင့် Power Plant များပြင်ဆင်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် Clinker များ စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ Cement Mill ပြင်ဆင်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကုန်ချောများ စတင်ထုတ်လုပ်နိုင်ပြီး လုပ်ငန်းများလည်ပတ်ရန် ရည်မှန်းချက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး မြန်မာသံတော်မြတ်ကုမ္မဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံဗဟိုထိန်းချုပ်ခန်း၊ Kiln မီးသင်းဖိုပြုပြင်နေမှုများ၊ Cement Packing အဆောက်အဦ ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းများ ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံတာဝန်ရှိသူများမှ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ စက်ကိရိယာများပြင်ဆင်ရန် လျာထားစီမံချက်အနေဖြင့် ကုန်ထုတ်လိုင်းအမှတ် (၁)အား ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအား ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်တွင် ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်ထုတ်လိုင်းအမှတ်(၂)အား မူလဆောက်လုပ်သူ Sinoma Company မှ ပညာရှင်များဖြင့် အသေးစိတ်ပြုပြင်ရမည်ဖြစ်၍ (၆)လခန့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်ပြချက်များအပေါ် ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ကုန်ထုတ်လိုင်းအမှတ် (၁)အား အပြီးပြုပြင်ပြီးပါက (၁)ရက်လျှင် တန်(၅၀၀၀) ဘိလပ်မြေ အိတ် (၁)သိန်း အမြန်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြုပြင်မှုတွန်းအားပေးဆောင်ရွက် သွားရန်လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆင်မင်းဘိလပ်မြေစက်ရုံမှ Cement Silo များ ပြုပြင်နေမှုများ၊ Soil Test များ ပြုလုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လျှပ်စစ်မီးရရှိအောင်ပြုလုပ်ပေးပြီးဖြစ်သဖြင့် စက်ရုံအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ပြီး လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)