မြဝတီ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ကော့ကရိတ်အာရှလမ်း၊ ကွမ်းခြံကွေ့နေရာတွင် ဇန်နဝါရီလ ၃ ရက်နေ့က ယာဉ်နှစ်စီးတိုက်မိပြီး မှန်လုံယာဉ် ချောက်ထဲထိုးကျမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ မြန်မာ့အာမခံ လုပ်ငန်းမှ မြန်မာနိုင်ငံသား (တရားဝင်) ပြည်ပအလုပ်သမား အသက်အာမခံ လျော်ကြေးငွေများကို အဆိုပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာ ရရှိသူများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ ညနေ ၄ နာရီခန့် က သွားရောက်ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင်တာဝန်ခံ ဒေါ်ဝင်းဝင်းသန်းနှင့် တာဝန်ရှိသူများ၊ အလုပ်သမား အဖွဲ့အစည်းများက နှစ်သိမ့်အားပေးစကားနှင့် ထောက်ပံ့ပေးအပ်သည့် လုပ်ငန်းစဉ်များအကြောင်း ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးအတွက် စုစုပေါင်း ၁၂၇ သိန်း ၅ သောင်းကျပ်အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)