မိုင်းဖြတ်၌ ကျေးရွာ(၅)ရွာအား ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပေးမည်

မိုင်းဖြတ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြို့နယ် ကျေးလက် ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ(၅)ရွာကို ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက် ပေးသွား မည်ဖြစ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာများ၊ တာဝန်ရှိသူများက ဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာနှင့်ကုမ္ပဏီအမည်များကို မိတ်ဆက်ခဲ့သည်။ ထို့နောက် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းကျောက်က ရေရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့မြို့နယ်အတွင်း ကျေးရွာ အချို့မှာ သောက်သုံးရေရရှိသည့်အတွက် များစွာဝမ်းသာပါကြောင်း၊ ကျေးရွာများတွင် ရေရရှိဖို့ အတွက် အထောက်အကူပြုမည့် ကုမ္ပဏီများဖြစ်စေရန် မျှော်လင့်ပါကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးရှိရှိ ဆောင်ရွက်ပြီး ကျေးရွာနှင့်ကုမ္ပဏီနှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးဝင်းမြတ်သိန်းတို့က ရေပေးဝေရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အသွေးရှိရှိနှင့် ရေရှည်တည်တံ့အောင် အချိန်မီ ဆောင်ရွက်နိုင်ရေးတို့အတွက်  ကုမ္ပဏီမှ တာဝန်ရှိသူများအား  ရှင်းလင်းမှာကြားခဲ့သည်။

အဆိုပါ ရေပေးဝေရေးလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင်  ဟိုနမ့်ထိုက်ကျေးရွာတွင်  Focus Connect ကုမ္ပဏီမှ လည်းကောင်း၊   တာမကျေးရွာတွင် DNT ကုမ္ပဏီမှ လည်းကောင်း၊   ခတ်တန် ကျေးရွာတွင်  Focus Connect ကုမ္ပဏီမှ လည်းကောင်း၊   နမ့်ဝိုးထောင် ကျေးရွာတွင် ရိုးမအလင်းတန်း ကုမ္ပဏီမှ လည်းကောင်း၊ ကချင်စံပြကျေးရွာ မင်းမြန်မာထွန်း ကုမ္ပဏီမှ လည်းကောင်း အသီးသီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး