မူဆယ်မြို့တွင် မြို့ရှောင်လမ်းသစ် ဖောက်လုပ်ရန် မြေနေရာ လျော်ကြေးပေးချေရေး အသေးစိတ် တိုင်းတာတွက်ချက်မှုများ ဆောင်ရွက်

မူဆယ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အသစ်ဖောက်လုပ်မည့် မြို့ရှောင်လမ်းအတွက် မြေနေရာ လျော်ကြေးပေးချေရန် အသေးစိတ် တိုင်းတာတွက်ချက်မှုများကို မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တစ်ဆင့် ခရိုင် စီမံခန့်ခွဲရေး ကော်မတီ၊ ရှမ်းပြည်နယ် အစိုးရကော်မတီထံသို့ တင်ပြနေပြီဖြစ်ကြောင်းသိရသည်။

မူဆယ်မြို့၊ မြို့ရှောင်လမ်းဖောက်လုပ်နိုင်ရန်အတွက် ကျန်ရှိနေသည့် မူဆယ်မြို့၊ စွမ်စော်ကျေးရွာ အုပ်စုရှိ လယ်နေရာများ၊ ခြံနေရာများ၊ အိမ်နေရာများနှင့် အဆောက်အဦးများ၏ လျော်ကြေးများ ကို သက်ဆိုင်ရာ မြေစာရင်းအင်းဦးစီးဌာနမှ စာရင်းအချက်များ ကောက်ယူပြီးစီးလျှင် ရှမ်းပြည်နယ် အစိုးရထံသို့ တင်ပြ၍ ရှမ်းပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ မူဆယ်မြို့၊ စွမ်စော်ကျေးရွာအုပ်စုအတွက် ခွဲဝေရန်ပုံငွေရရှိလာလျှင် မြေယာလျော်ကြေးများကို အမြန်ဆုံးပေးလျော်ပြီး မူဆယ်မြို့၊ မြို့ရှောင်လမ်းသစ်များ စတင် ဆောင်ရွက် သွားမည်ဟု မူဆယ်မြို့၊ လမ်းဦးစီးဌာန၊ မြို့ပြအင်ဂျင်နီယာ (ဦးစီးအရာရှိ) ဦးကျော်ကျော်မိုး၏ ပြောကြားချက်အရသိရသည်။

မူဆယ်ခရိုင်၊ လမ်းဦးစီးဌာနမှ (၂၀၁၉-၂၀၂၀)ခုနှစ်တွင် မူဆယ်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် (၂၀၂၀-၂၀၂၁)ခုနှစ်တွင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများ လျာထားချက် များကို အကြံပြုနိုင်ရန်နှင့် လုပ်ငန်းလျာထားချက်အစီအမံများ အပေါ် လိုအပ်ချက်များကို ဖြည့်စွက်ပေးနိုင်ရန်အတွက် ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၁၀)နာရီတွင် မူဆယ်မြို့၊ စုပေါင်းရုံးရှိ အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်းရှိ လွှတ်တော်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်၊မြို့နယ် စီမံခန့်ခွဲရေး ကော်မတီများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် မူဆယ်ခရိုင်အတွင်းရှိ ကားလမ်းများကို ပြည်သူလူထုများ အသုံးပြုသွားလာရာတွင် လွယ်ကူချောမွေ့စွာသွားလာနိုင်ရန်၊ လမ်းဦးစီးဌာနမှ စနစ်တစ်ကျ ကြပ်မတ်ဆောင်ရွက်ပေးရန်၊ လုပ်ငန်းတင်ဒါပေးထားသည့်  ကုမ္ပဏီများကိုလည်း စံချိန်စံညွှန်းနှင့် ဆောင်ရွက်ရန် အတွက် လမ်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ရန်၊ လမ်းဦးစီးဌာနမှ တာဝန်ယူလုပ်ဆောင်သည့် လုပ်ငန်းများတွင်လည်း စနစ်တစ်ကျဆောင်ရွက်ရန်နှင့် လုပ်ငန်းများလျာထားချက်အပေါ် (၂၀၂၀-၂၀၂၁) ခုနှစ်တွင် အောင်မြင်စွာ ပြီးစီးလုပ်ဆောင်ရန်တို့ကို ဆွေးနွေးကြသည်။

“ခုလို ဆွေးနွေးရတဲ့အတွက် ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ တင်ပြတောင်းဆိုချက်တွေကိုလည်း ဌာနအနေနဲ့ ပိုမိုဖြည့်ဆည်းဖို့ လိုအပ်နေတာကိုလည်း တွေ့ရပါ တယ်၊ ဌာနအနေနဲ့ မဆောင်ရွက်နိုင်တဲ့ တစ်ချို့ကိစ္စတွေကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးတဲ့အတွက် ဒီလိုသာမကြာခဏ တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင် ပြည်သူလူထု တွေရဲ့ လိုအပ်ချက်များကိုလည်း ကျွန်တော်တို့ဌာန အနေနဲ့လည်း ဖြည့်စွမ်းပေးနိုင်မယ်လို့ ထင်ပါတယ်”လို့ မူဆယ်မြို့၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့ပြအင်ဂျင်နီယာ (ဦးစီးအရာရှိ)ဦးကျော်ကျော်မိုးက ပြောကြားသည်။

ဆလိုင်းဗန်ရိုးထန်