အလက(နမ့်မော်ဆွမ့်)ကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲကျင်းပ

မိုးနဲ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့ နမ့်မော်ဆွမ့် အခြေခံပညာ အလယ်တန်း ကျောင်းခန်းမ၌ (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ကျောင်းအဆင့် ပညာရေး စုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလက(နမ့်မော်ဆွမ့်) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသား တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်‌ပေးခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်စုစုဝေက အဖွင့်အမှာစကား ပြောကြားပြီး အလက (နမ့်မော်ဆွမ့်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာကျော်က စုံညီပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးအောင်မြတ်စိုး က ကျောင်းဆိုင်ရာ အချက်အလက်များကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် ကျောင်းအဆင့်ပညာရေး စုံညီပွဲတော်ကို ကျင်းပရာ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာပေပြိုင်ပွဲများ၊ အားကစား ပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက သီချင်းအကအလှများ ဖျော်ဖြေတင် ဆက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)