မုံရွာ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် မုံရွာစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၁၁) ကြိမ်မြောက် လူထုစုပေါင်းစီးနင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ဗိုလ်ချုပ်လမ်းမပေါ်တွင် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်က ကျင်းပရာ စက်ဘီးစီးဝါသနာရှင် အမျိုးသား/သမီး (၃၀၀)ဦးကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။
(၁၁)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းနှင့် (၈)ကြိမ်မြောက်လူထုစုပေါင်းစက်ဘီးစီးပွဲကို ဒီဇင်ဘာလ(၁)ရက်နေ့တွင်လည်းကောင်း၊ (၉)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးပွဲကို ဒီဇင်ဘာလ (၂၂)နေ့တွင်လည်းကောင်း ကျင်းပခဲ့ပြီး ဒီဇင်ဘာလ(၂၉)ရက်နေ့တွင်(၁၀)ကြိမ်မြောက်အဖြစ်ကျင်းပခဲ့ကြောင်း သိရသည်။
စက်ဘီးစီးပွဲအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ကြည်က ခရာမှုတ်ဖွင့်လှစ်ပေးရာ စက်ဘီးစီးသမားများက ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် တောင်ဘက်ခြမ်းရှိ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံအထိ ၎င်းမှ အနောက်ဘက်ရှိကမ်းနားလမ်းအတိုင်း မြောက်ဘက်ခြမ်းအိုးဘိုတောင်ရပ်ကွက်ရှိ အောင်မင်္ဂလာအဝိုင်းကိုကွေ့ကာ ဗိုလ်ချုပ်လမ်းအတိုင်း ပြည်သူ့အားကစားကွင်း အရှေ့သို့ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။
(၁၁)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲအပြီးတွင် မုံရွာမြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း စုပေါင်းစက်ဘီးပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည့် စက်ဘီးစီးသမားများကို ပြိုင်ဘီး(၃)စီးအား မဲနှိုက်ပေးခဲ့ကြောင်းသိရသည်။
ဝင်းဦး(ဇေယျာတိုင်း)