မိုးနဲ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှု မရှိစေရေးအတွက် မိုးနဲမြို့မဈေး မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြလေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါဈေး အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်က မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်များအား စနစ်တကျထားရှိရန် မီးလောင်မှု ဖြစ်ပွားလျှင် မီးသတ်ဆေးဗူးအား စနစ်တကျသုံးစွဲတတ်ရန်၊ မီးသတ်ဆေးဗူးများအသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ဈေးမြေကွက်လပ်၌ လက်တွေ့သရုပ်ပြ လေ့ကျင့်ရာတွင် ဆီမီးလောင်မှုအား ဈေးသူဈေးသားများ ကိုယ်တိုင် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်စေခြင်းနှင့် မီးသတ်ကားဖြင့် မီးငြှိမ်းသတ်မှုများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲသို့ မိုးနဲမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ ၊မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)