အမာ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးရေးအသင်းနှင့် အမာမြို့နယ် အခြေခံပညာကျောင်းများ ပူးပေါင်းစီစဉ်သည့် သဘာဝပတ်ဝန်းကျင် ပညာပေးအစီအစဉ်အဖြစ် ပန်းချီပြိုင်ပွဲ၊ စကားရည်လုပွဲများအား ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ပြီး ဆုများပေးအပ်ခဲ့သည်။
ရှေးဦးစွာ (GEDA) အသင်း နာယက ဒေါက်တာမောင်မောင်သန်းမှ အမှာစကားပြောကြားရာ ကမ္ဘာကြီးမှာ ပလပ်စတစ် အမှိုက်များကြောင့် ဒုက္ခရောက်နေကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှု့ကြောင့် သစ်ပင်များပြုန်းတီးလာခဲ့ပြီး သဘာဝဂေဟ စနစ်ကြီး ပျက်စီးခဲ့ရကြောင်း၊ ယခုထုတ်ယူသုံးစွဲနေကြသူများသည် အနာဂတ်ပေါ်ထွန်းလာမည့် ကလေးငယ်များထံမှ အကြွေးယူနေကြသလို ဖြစ်နေကြောင်း၊ ဒီဘဝမှာ မိမိအကြွေးကို ပြန်ဆပ်သည့်အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ပြုလုပ်ပေးကြရမှာ ဖြစ်ကြောင်း၊ ကမ္ဘာကြီးမှာ တစ်နေ့ထက်တစ်နေ့ လူဦးရေထူထပ်လာပြီး ထပ်တိုးလာသည့် လူဦးရေအတွက် စားသုံးနိုင်ရေး၊ နေထိုင်နိုင်ရေး သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲကြမှာ ဖြစ်ကြောင်း၊ ကျွန်တော်တို့အနေနဲ့ သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးရေးအတွက် တစ်ဦးချင်းတစ်ယောက်ချင်း စည်းစနစ်ရှိစွာ အမှိုက်များကို စွန့်ပစ်ခြင်း၊ ပလပ်စတစ်များ မသုံးစွဲဘဲ နေထိုင်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြရမှာ ဖြစ်ကြောင်း၊ ယခုဖွဲ့စည်းထားသည့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးအသင်းကလဲ ဒေသတွင်းအခြေခံပညာကျောင်းများနှင့် ပူးပေါင်းပြီး ကျောင်းသားကလေးငယ်တွေမှစလို့ ပညာပေးနေကြောင်း ပြောကြားသည်။ အမာမြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်သိမ့်တို့မှ အမှာစကားပြောကြားပြီး အမာ (အ-ထ-က)၊ ဆိပ်မ (အ-ထ-က)၊ တယ်ပင်ဆိပ်(အ-ထ-က) ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄)ယောက် တစ်ဖွဲ့စီ အဖွဲ့သုံးဖွဲ့က သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း စကားရည်လုပွဲ ယှဉ်ပြိုင်ခဲ့ကြသည်။ အကဲဖြတ်အမှတ်ပေး ဒိုင်သုံးဦးမှ ဆုများရွေးချယ်ပေးခဲ့ရာ အမာ(အ-ထ-က) ကျောင်းမှ ပထမဆု၊ ဆိပ်မ (အ-ထ-က) ကျောင်းမှ ဒုတိယဆု၊ တယ်ပင်ဆိပ် (အ-ထ-က)ကျောင်းမှ တတိယဆု အသီးသီးရရှိခဲ့သည်။ ယခင်ကျောင်းတွင်းမှ ယှဉ်ပြိုင်၍ အဖွဲ့မှ အကဲဖြတ်အမှတ်ပေး ထားသော ပန်းချီပြိုင်ပွဲဆုများနှင့် ပေါင်းပြီး ဒေါက်တာမောင်မောင်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒေသတွင်းမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ သဘာဝပတ်ဝန်းကျင် ပညာပေးပြပွဲပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ အမာမြို့နယ်အတွင်းရှိ အခြေခံပညာ (၁၃)ကျောင်း၊ ကျောင်းအုပ်များ ဆရာ/ဆရာမများ ဆုရရှိသူ ကျောင်းသားများ၊ စိတ်ပါဝင်စားသူများ၊ ကျောင်းသားမိဘများ၊ အင်အား(၇၀၀)ကျော်ခန့် တက်ရောက်ခဲ့သည်။ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးအသင်းသည် အခြေခံပညာကျောင်းများတွင် ပညာပေး အစီအစဉ်များ ပြုလုပ်ပေးနေသည့်အပြင် လမ်းဘေးဝဲယာသစ်ပင်များ စိုက်ပျိုးခြင်းနှင့် အဖွဲ့လိုက်အမှိုက်ကောက်ခြင်း အမှိုက်စနစ်တကျ စွန့်ပစ်တတ်စေရေး ပညာပေးလုပ်ဆောင်နေသော အဖွဲ့တစ်ခုဖြစ်သည်။
ဝင်းမြင့်အောင်(ပြန်ဆက်)