ကြာအင်းဆိပ်ကြီးမြို့၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ကြာအင်းဆိပ်ကြီး  ဇန်နဝါရီ  ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ သက်ကြီးဘိုးဘွားများအား ဆေးဝါးနှင့်အာဟာရအားပြည့်စာများ သုံးစွဲနိုင်စေရေးအတွက် လစဉ်ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်က အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပသည်။ အဆိုပါထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီး ထောပ်ပံ့ငွေများကို လေလွှင့်မှု မရှိစေဘဲ ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်နိုင်စေရေးအတွက် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဘိုးဘွား(၃၅၉)ဦး အတွက် တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းစီဖြင့် သုံးလစာအတွက် စုစုပေါင်း ငွေကျပ်သိန်း (၁၀,၇၇၀,၀၀၀) တစ်ရာခုနစ်သိန်းခုနစ်သောင်းကျပ်တိတိကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက လက်ခံရယူသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက အခမ်းအနားသို့ တက်ရောက်လာကြသည့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေသုံးလစာအတွက် တစ်ဦးလျှင်ကျပ်သုံးသောင်းတိတိစီကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး